ရမ်းဗြဲကျွန်းပေါ်ရှိ စနဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများရာနှင့်ချီ ထွက်ပြေးနေကြ

By Narinjara / 2024 April     18

ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို ယနေ့ဧပြီ ၁၈ရက် နေ့လယ် ၁ နာရီခန့်က ဇင်ချောင်း မြစ်ပေါ်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်နေသဖြင့် ဒေသခံ ရာနှင့်ချီ၍ ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။

စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုများကြောင့် စနဲမြို့ပေါ် ရပ်ကွက်များနှင့် အလယ်ဒွိန်အုပ်စု၊တောင်မော်ကျေးရွာနှင့်ကျောက်ဆည်ရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်ဟု စနဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

” အခုရက်ပိုင်း စနဲမြို့နဲ့ နီးတဲ့နေရာတွေကို လှမ်းပစ်နေတာ။ တိုက်ပွဲလည်း မရှိဘူး။  ဒီနေ့ဆိုရင် ဒရုန်းနဲ့အရင်လာပစ်တယ်။ ပြီးမှ ဇင်ချောင်း ချောင်းမှာရပ်ထားတဲ့နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့အများဆုံးပဲ ဆယ့်တစ်လုံးလောက်ရှိတယ်” ဟုပြောသည်။

၎င်းအပြင် နေအိမ်များတွင် သက်ကြီးရွယ်အိုများနှင့် ၎င်းတို့အား စောင့်ရှောက်ရန်ကျန်နေရစ်သူ မိသားစုဝင်များကို စိုးရိမ်နေကြကြောင်း သူမကဆက်ပြောသည်။

” စနဲမြို့ပေါ်ကလူတွေလည်းထွက်ပြေးနေကြပြီ။မြို့မှာ အိမ်စောင့်နေတဲ့လူလောက်ပဲရှိတော့တယ်။ ဒီနေ့ဆိုရင် မြို့နဲ့နီးတဲ့ ရွာဖက်တွေကလူတွေလည်း လုံခြုံတဲ့နေရာတွေကို တိမ်းရှောင် နေကြရပါပြီ။  မိုင်းတွေကလည်းထောင်ထားတော့ အသက်အန္တရာယ်ကိုလည်းစိုးရိမ်ရတယ် ” ဟုပြောသည်။

စနဲမြို့နှင့် ၃ မိုင်နီးပါးကွာဝေးသည့်နေရာတွင် တောင်ကြီးမော်ရေတပ်စခန်းရှိပြီး အဆိုပါစခန်းကလည်း လက်နက်ကြီးကျည်များ မကြာခဏပစ်လေ့ရှိသဖြင့် ဒေသခံများမှာ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရခိုင်တွင် လွန်ခဲ့သည့် ဖေဖော်ဝါရီလအထိ စစ်ဘေးရှောင် ၃ သိန်းကျော်အထိရှိနေပြီး လက်ရှိတွင် ၎င်းအရေအတွက်ထက် ပိုတိုးလာနေသည်ဟု လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/835002035333594

Leave a Reply

Your email address will not be published.