သံတွဲတွင် ယခင်ရက်ထက် ယနေ့ တိုက်ပွဲပြင်းထန်နေ

(မောင်ရွှေလေးရေတပ်က လက်နက်ကြီးဖြင့် အဆက်အပြတ် ပစ်ခတ်)

By Western News / 2024 April     26

ပုံစာ – ယနေ့ ဧပြီလ ၂၆ ရက် နံနက်က မောင်ရွှေလေးရေတပ်က ပစ်ခတ်သော စစ်ကောင်စီ လက်နက်ကြီး ရွှေလှေကျေးရွာအနီး တောတောင်တစ်ခုသို့ ကျရောက်ပေါက်ကွဲစဉ်။ (ဓါတ်ပုံ – Dwayarwaddy)

ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေးအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ယနေ့ ဧပြီလ ၂၆ ရက်တွင်လည်း ယခင်ရက်ထက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၆ နာရီကျော်အချိန်က စ၍ တိုက်ပွဲများပြင်းထန်နေပြီး သံတွဲမြို့နယ်ရှိ မောင်ရွှေလေး စစ်ကောင်စီရေတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

” သံတွဲမှာ တိုက်ပွဲက ၂၂ ရက်နေ့က စတာပေါ့နော်။ ဒီနေ့မှာတော့ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်လို့ သိရတယ်။ မောင်ရွှေလေးရေတပ်က နံနက် ၇ နာရီကနေစပြီး အခုအချိန်အထိကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာ။ သံတွဲမြို့ပေါ်ကတောင် ကြားရတယ်။ လက်နက်ကြီးအသံက အလုံး ၃၀ လောက်တောင် ရှိပြီ။ ဒေသခံတွေကတော့ စိုးရိမ်ကြတာပေါ့။ ” ဟု ပြောသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် စစ်ကောင်စီက တပ်စွဲထား၍ AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စီမံကိန်းအနီးရှိ ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာတို့ရှိ တောကြောတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ဒေါ်မြ၊ ပုရစ်၊ ရေကောက် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများမှာ ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲစတင်ခဲ့သည့်နေ့မှစ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ရွှေလှေကျေးရွာတွင်လည်း ရာနှင့်ချီ စစ်ရှောင်နေရကြောင်း ရွှေလှေရွားသားတစ်ဦးက ပြောသည်။

” တိုက်ပွဲအနီးက ကျေးရွာဒေသခံတွေက အဲဒီနေ့ကတည်းက စစ်ရှောင်နေရတာ။ ရွှေလှေကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာဆိုရင် ရာနှင့်ချီ ရောက်နေကြတယ်။ ရွှေလှေကျေးရွာကလည်း တိုက်ပွဲ နီးနေတော့ ထပ်ပြီး ဘယ်ကို စစ်ရှောင်ရမလဲ စဉ်းစားနေကြတယ်။ သံတွဲမှာ တိုက်ပွဲက အခုမှ ပထမဆုံးဖြစ်တာဆိုတော့ ဒေသခံတွေက အရမ်းစိုးရိမ်နေကြတာပေါ့။ အတွေ့အကြုံမရှိဘူးလေနော်။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် သံတွဲမြို့က တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရေတပ်တို့တွင် လက်နက်အင်အား၊ လူအင်အားကို ပိုမိုအားဖြည့်ထားပြီး AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံကာကွယ်နေကြောင်း သိရသည်။

သံတွဲစစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ” ဇက်သင်္ဘောနဲ့ သယ်လာတဲ့ တင့်ကား နှစ်စီး သံတွဲမြို့က စစ်ကောင်စီ တပ်ရင်းတစ်ခုကို ရောက်နေတယ်။ ဧပြီလ ၂၃ ရက်နေ့က ရေတပ်အကူအညီနဲ့ ပို့လိုက်တာ။ သံတွဲမြို့နယ်မှာ တိုက်ပွဲ ပိုမိုပြင်းထန်လာမယ်လို့ သုံးသပ်ရပါတယ်။ ဒေသခံတွေအနေနဲ့ အတတ်နိုင်ဆုံး တိုက်ပွဲနဲ့ ဝေးရာကို တိမ်းရှောင်ကြဖို့ အကြံပြုပါတယ်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်အတွင်း တိုက်ပွဲနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပွဲကြီးကို ဆင်းနွှဲနေခြင်းဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေသို့ သွားရောက်နေထိုင်ကြရန် အကြံပြုတိုက်တွန်းထားသည်။

ရခိုင်မြောက်က မြို့အများစုကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် AA သည် ရခိုင်တောင်ပိုင်းဒေသက မြို့နယ်များတို့ စစ်မျက်နှာဖွင့်လာကာ အာဏာသိမ်း စစ်ကောင်စီတပ်ရင်း တစ်ခုမကျန် တိုက်ခိုက်နေကြောင်း သိရသည်။

ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်မည်ဖြစ်ပြီး လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအားလုံးကို တိုက်ခိုက်နေကာ အာရက္ခအမျိုးသားအကျိုးစီးပွားအတွက် ရက္ခိတလမ်းစဉ် အထူးသဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးကို ကိုယ်တိုင်ပုံဖော် ထုဆစ်သွားမည်ဟု AA က ပြောဆိုထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/883391057133655

Leave a Reply

Your email address will not be published.