စစ်ကောင်စီက ကျောက်တော်မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် ၂ ဆောင်ပျက်စီး၊ မပေါက်ကွဲဘဲ လက်နက်ကြီး ၁ လုံးကျန်ရှိနေသေး

By Arakan Bay News / 2024 April      26

စစ်ကောင်စီက ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ် ၂ ဆောင်ပျက်စီးသွားကာ မပေါက်ကွဲသေးဘဲ လက်နက်ကြီး ၁ လုံးကျန်ရှိနေကြောင်း AB News က ထောက်လှမ်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ ဧပြီလ ၂၅ ရက် ညနေ ၄ နာရီကျော်တွင် ကျောက်တော်မြို့ ရှမ်းရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချခဲ့မှုကြောင့် စစ်မှုထမ်းဟောင်းနေရာတွင် ကျရောက်ပေါက်ကွဲပြီး အိမ် ၂ ဆောင်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ညနေ ဂျက်နဲ့လာပစ်တယ်။ စစ်မှုထမ်းဟောင်းအိမ်ရာမှာ၂ လုံးကျတယ်။ ၁ လုံးပေါက်ကွဲပြီး အိမ် ၂ ဆောင်ပျက်စီးသွားတယ်။ ကျန် ၁ လုံးက မပေါက်ကွဲပဲ ကျန်ရှိနေသေးတယ် ။”ဟု ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းရွာဒေသခံပြည်သူများ အသက်လုထွက်ပြေးခဲ့ရကြောင်း သိရသည်။

ကျောက်တော်မြို့သည် အာရက္ခတပ်တော်ထိန်းချုပ်ထားပြီး စစ်ကောင်စီကင်းစင်သောနယ်မြေတစ်ခုလည်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးသို့  စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံး ၂ ကြိမ်ထိ ၄ လုံး ကြဲချခဲ့သောကြောင့် အသက်  ၁၈ နှစ်အရွယ် လူငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရှိသွားခဲ့သည်။

ထို့အပြင် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ကျောက်ဖြူမြို့နယ်ရှိ သစ်ကတိုး၊ လေးပုံကျောက် နှင့် မြို့ချောင်းရွာများသို့  ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး လူငယ် ၂ ဦးနှင့် နွား ၂ ကောင်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း ၁ ဆောင်အပါအဝင် အိမ် ၃ ဆောင်ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်စီသည် ကျောက်တော်မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထိ ရှိလာပြီဖြစ်ကြောင်း တွေ့ရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122140463378180219

Leave a Reply

Your email address will not be published.