သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ

By Western News / 2024 April     26

ပုံစာ- တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်  သံတွဲဒေသခံများအားတွေ့ ရစဉ်။

ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ‌AA တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားကျေးရွာ ၆ ရွာထက်မနည်းက လူဦးရေ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ယနေ့အချိန်အထိ တိုက်ပွဲက ပြင်းထန်နေသည်။

ရွှေလှေဒေသခံတစ်ဦးက ” ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ ရွှေလှေအပါအဝင် ထိုဖက်ကမ်းမှာဆိုရင် ကျေးရွာ ၆ ရွာထက်မနည်းရှိတယ်။ အဲက ရွားသားတွေက အကုန်လုံး စစ်ရှောင်နေကြရပြီ။ ခန့်မှန်းရင်တော့ တစ်သောင်းလောက်တော့ ရှိမယ်ထင်တာပဲ။ ရွှေလှေနဲ့ ဒီဖက်ကမ်းမှာရှိတဲ့ ရွာတွေက အနည်းငယ်လောက်ပဲ စစ်ရှောင်နေကြတယ်။ တိုက်ပွဲက ဒီနေ့ အရမ်းပြင်းထန်တယ်” ဟု ပြောသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်း မရောက်မီ ရှိသော ကျေးရွာများမှာ ရွှေလှေချောင်း ထိုဘက်ကမ်းတွင် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်းတို့ရှိပြီး ရွှေလှေဘက်ကမ်းတွင် ရွှေလှေ၊ လင်းသီ၊ ပေါက်တော၊ မန်ကျည်ချောင်၊ ရှင်စောပြင် စသည့် ကျေးရွာများ ရှိကြသည်။

ယင်းကျေးရွာများထဲမှ ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ယနေ့ ဧပြီလ ၂၆ ရက်တွင် ယခင်ရက်ထက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

နံနက် ၆ နာရီကျော်အချိန်က စ၍ တိုက်ပွဲများပြင်းထန်နေပြီး သံတွဲမြို့နယ်ရှိ မောင်ရွှေလေး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

“သံတွဲမှာ တိုက်ပွဲက ၂၂ ရက်နေ့က စတာပေါ့နော်။ ဒီနေ့မှာတော့ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်လို့ သိရတယ်။ မောင်ရွှေလေးရေတပ်က နံနက် ၇ နာရီကနေစပြီး အခုအချိန်အထိကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာ။ သံတွဲမြို့ပေါ်ကတောင် ကြားရတယ်။ လက်နက်ကြီးအသံက အခုထက်ထိ ကြားနေရတုန်းပဲ။ ဒေသခံတွေကတော့ စိုးရိမ်ကြတာပေါ့” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် သံတွဲမြို့က တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရေတပ်တို့တွင် လက်နက်အင်အား၊ လူအင်အားကို ပိုမိုအားဖြည့်ထားပြီး AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံကာကွယ်နေကြောင်း သိရသည်။

သံတွဲစစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ” ဇက်သင်္ဘောနဲ့ သယ်လာတဲ့ တင့်ကား နှစ်စီး သံတွဲမြို့က စစ်ကောင်စီ တပ်ရင်းတစ်ခုကို ရောက်နေတယ်။ ဧပြီလ ၂၃ ရက်နေ့က ရေတပ်အကူအညီနဲ့ ပို့လိုက်တာ။ သံတွဲမြို့နယ်မှာ တိုက်ပွဲ ပိုမိုပြင်းထန်လာမယ်လို့ သုံးသပ်ရပါတယ်။ ဒေသခံတွေအနေနဲ့ အတတ်နိုင်ဆုံး တိုက်ပွဲနဲ့ ဝေးရာကို တိမ်းရှောင်ကြဖို့ အကြံပြုပါတယ်။ ” ဟု ပြောသည်။

သံတွဲတိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးကြောင်း သတင်းထွက်ပေါ်နေသလို ပြင်းထန်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သား ၆ ဦးကိုလည်း သံတွဲဆေးရုံ၌ ဆေးကုသမှု ခံယူနေရာမှ ယနေ့ နံနက်က ရန်ကုန်မြို့သို့ ရွှေ့ပြောင်းသွားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်မည်ဖြစ်ပြီး လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအားလုံးကို တိုက်ခိုက်သွားမည်ဟု AA က ပြောဆိုထားသည်။

Western News-WN

ဓါတ်ပုံ- CJ

https://www.facebook.com/westernnewsagency/posts/883556173783810

Leave a Reply

Your email address will not be published.