အမ်းနှင့် မောင်တောခရိုင်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

(မောင်တောက ကြိမ်ချောင်းဗျူဟာကို AA က သိမ်းပိုက်လိုက်ပြီ)

By Western News / 2024 April     14

ရခိုင်ပြည် အမ်းမြို့နယ် လုံးကျေးရွာ အနောက်ဘက်နှင့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် အာရက္ခတပ်တော် AA တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွားနေကြောင်း AA က ယမန်နေ့ ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

အမ်းမြို့နယ် လုံးကျေးရွာ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်ပါ စစ်ကြောင်းနှင့် AA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။

နာဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အကျအဆုံးများပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဆက်လက်ပြီး ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် အမ်းမြို့နယ် မင်းဘော်ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

ညနေ ၄ နာရီအချိန်အထိ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းအပြင် ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် မောင်တောမြို့နယ် ကံပြင်သာစည်ကျေးရွာ အရှေ့ဘက် ၂.၅ ကီလိုမီတာခန့်အကွာတွင် စစ်ကောင်စီတပ်နှင့် AA တို့ တစ်နာရီကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း AA က ပြောသည်။

နှစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ်က အကြီးဆုံးဗျူဟာတစ်ခုဖြစ်သည့် ကြိမ်ချောင်းဗျူဟာ စစ်စခန်းကို AA မှ ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ‌AA က အတည်ပြုထုတ်ပြန်ထားသည်။

ကြိမ်ချောင်းဗျူဟာ စစ်စခန်းသည် နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ကျော်နှင့် မိသားစုဝင် ၁၅၀ ခန့် ရှိသော အင်အားကြီး တပ်စခန်းတစ်ခုလည်းဖြစ်သည်။

သို့သော်လည်း AA ၏ အရှိန်မြှင့်ထိုးစစ်ကြောင့် ကြိမ်ချောင်းဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်မိသားစုဝင်များနှင့် လက်နက်ခဲယမ်း အများအပြားကို ဖမ်းဆီးရမိခဲ့သည်။

လက်နက်မချသော ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ရင်းများအနေဖြင့် အချိန်မီ လက်နက်ချ အညံ့ခံရန်လည်း AA က ထပ်မံသတိပေးနေသည်။

အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်၊ စစ်စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချ အညံ့ခံကြရန် AA က သတိပေးနေခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/875006294638798

Leave a Reply

Your email address will not be published.