ရမ်းဗြဲ၊ ကျောက်ဖြူနှင့် သံတွဲတွင် စစ်ကောင်စီ နေဗီများမှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်

By Arakan Bay News / 2024 April      14

ရက္ခိုင်ပြည်ရှိ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့နှင့် သံတွဲမြို့တို့တွင် စစ်ကောင်စီအဖွဲ့၏ ရေတပ်နေဗီများမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၃ရက်နေ့မှ ယနေ့အထိ မာန်အောင်မြို့နယ်ရှိ မြိုချောင်းဝရွာအနီးတွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီ၏ နေဗီမှ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ရမ်းဗြဲမြို့ကို လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေသည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေပါတယ်။ ပေါက်ကွဲသံတွေ ကြားရတယ်။ မြို့အတွင်းမှာ ကျရောက်ပေါက်ကွဲတာတွေလည်း ရှိပါတယ်။ မနေ့ကတည်းက ပစ်နေတာ အခုထိလည်း ပစ်ခတ်နေပါတယ်” ဟု ဆိုသည်။

ထို့အတူ ယမန်နေ့ ဧပြီလ ၁၃ရက်နေ့ညနေ ၁၂နာရီခန့်အချိန်က ကျောက်ဖြူမြို့နယ်၊ တောင်မော်ကြီးရေတပ်စခန်းရှိ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ကျောက်ဖြူနယ်၊ ဒွေးချရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ဦးခင်မောင်ထွန်း၏ နေအိမ် ပျက်စီးခဲ့ရသည်။

ဒွေးချရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်အိုင်အိုင်မ ၅၀နှစ် နှင့် ဒေါ်ဝေသန်းခင် ၅၃နှစ်တို့၏ နေအိမ်များ ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် သံတွဲမြို့နယ်တွင်လည်း ခမောင်းတုန်းရွာနှင့် ဆင်ခေါင်းရွာအကြား ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီက အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို ပစ်ခတ်နေသည်ဟု ဒေသခံရွာသား ၁ဦးက AB News သို့ ပြောသည်။

“ဒီနေ့ တစ်မနက်လုံး ပစ်နေတာ အခုထိပါဘဲ။ ပစ်ခတ်တဲ့ အကြိမ်အရေအတွက် ခန်းမှန်းမကျတော့ဘူး။ လက်နက်ကြီးကျည်တွေဟာ ခေါင်းပေါ်က ပျံသန်းနေသည့်အလား မှတ်ရတယ်။ ဒေသခံတွေကို ခြောက်လှန့်တိုက်နေတာ ဖြစ်တယ်” လို့ ပြောဆိုသည်။

လက်နက်ကြီးကျည်များမှာ ဆင်ခေါင်း​မောက်ဖက်ရှိ ဆိတ်ဖူးတောင် အနီးပတ်ဝန်းကျင်နှင့် တောင်ညိုရွာဘုန်းကြီးကျောင်း ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ရက်နေ့တွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များမှာ ငန်းကျွန်း၊ ကျောက်ဆိပ်၊ တောင်ညိုကျေးရွာများ၏ အနီးပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့တွင် ခမောင်းတုန်းရွာအနီးရှိ မြစ်ကြောင်း၌ ကျောက်ချရပ်နားထားသည့် စစ်ကောင်စီရေတပ်နေဗီမှ  ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်ရှိ မုတ်ရွာ၊ တပျော့ရွာ နှင့်တဲမောက်ရွာအနီးရှိ တောင်တန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါနေ့၌ပင် သံတွဲစျေးမှ စျေးဝယ်ပြီး ပြန်လာသည့်  ဘောက်တောင်ရွာမှ အသက် ၂၉ နှစ်အရွယ် မမေသဇင် အား တံတားဦးမီးပွိုင့်အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

https://www.facebook.com/arakanbaynewsinfo/posts/122137662434180219

Leave a Reply

Your email address will not be published.