အမ်းတွင် ဆန်လုံးဝပြတ်နေပြီး ပြည်သူများ အခက်တွေ့နေ

(ဝက်စာကောက်ရာတွင်ပါသည့် ထမင်းလုံးများကိုပင် နေပူလှန်းကာ ဆန်ပြုတ်ကြိုသောက် နေရသည့်မိသားစုများရှိနေပြီ)

By Arakan Bay News / 2024 April      14

ရက္ခိုင်ပြည်၊ အမ်းမြို့တွင် ဆန်လုံးဝ ပြတ်လပ်နေပြီဖြစ်ကာ အမ်းမြို့နှင့် အနီးပတ်ဝန်ကျင်ကျေးရွာများရှိ ပြည်သူများမှာ စားသောက်ရေး အခက်အခဲတွေ့နေရပြီဟု အမည်မဖော်လိုသည့် အမ်းဒေသခံများက AB News သို့ပြောသည်။

အချို့သော လက်လုပ်လက်စား မိသားစုများမှာ ဝက်စာကောက်ရာတွင် ပါရှိသည့် ထမင်းလုံးများကို ရွေးထုတ်ကာ နေလှန်းပြီး ဆန်ပြုတ်ကြိုသောက်နေရကြောင်း သိရသည်။

အမ်းမြို့မှာ ကုန်းတွင်းပိတ်မြို့ဖြစ်သည့်အတွက် စစ်ကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ကြည်း၊ ရေ လမ်းများကို အလုံးစုံပိတ်ထားခဲ့ရာ ယခင်က ရှိထားသည့် ဆန်နှင့် တခြား အခြေခံ နေ့စဥ်သုံး ကုန်ပစ္စည်းများမှာလည်း လုံးဝ ပြတ်တောက်နေပြီဖြစ်ကြောင်း သိရသည်။

အမ်းမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး လက်လုပ်လက်စား မိသားစု အများစုမှာ ဆန်လုံးဝပြတ်လပ်ကာ ထမင်းငတ်သည့် အနေအထားသို့ ရောက်ရှိနေပြီဟု အမ်းမြို့ ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

“လမ်းတွေပိတ်ထားတော့ ဘာကုန်ပစ္စည်းမှလည်း မရောက်ဘူး၊ တိုက်ပွဲကလည်းပြင်းနေတယ်။ ဆန်တွေကအကုန်ပြတ်နေတာ။  ဆင်းရဲတဲ့ မိသားစုတွေမှာ ဆန်က ကြိုစုထားတာလဲမရှိဘူး၊ ဝက်စာကောက်တယ် ဝက်စာမှာ ပါတဲ့ ထမင်းလုံးတွေကို စုပြီး ပြန်နေလှန်းပြီးတော့ ဆန်ပြုတ်ကြိုသောက်နေရကြပါတယ်” ဟု ဆိုသည်။

ဆန်ဆိုင်များမှလည်း ယခင်က တနေ့လျှင် ဆန် ၂ ပြည် ရောင်းချနိုင်ခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း တနေ့ကို ၁ ပြည်သာ ရောင်းချပေးနိုင်တော့သည့်အတွက် မိသားစုများဝင်များမှာ ဆန်မလောက်သည့် အခက်အခဲဖြင့် ကြုံတွေ့ရကြောင်း သိရသည်။

အမ်းမြို့တွင် လက်လုပ်လက်စားအများစုမှာ ချင်းမျိုးနွယ်စုများဖြစ်ကာ ၎င်းတို့မှာ တောင်ယာများကို အမှီအခိုပြု လုပ်စားကြသူများဖြစ်သောကြောင့် တိုက်ပွဲများကြောင့် တောင်ယာအလုပ်ကိုလည်း လုပ်ကိုင်ရန် မဖြစ်နိုင်တော့ကြောင်း ချင်းအမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။

“ကျမတို့က ၄ ရပ်ကွက်မှာ နေတာပါ။ မိဘ စဥ်ဆက် တောင်ယာကိုပဲ လုပ်စားလာတာပါ။ ခုက တိုက်ပွဲ ဖြစ်လို့ တောင်သို့လည်း မတက်ဝံ့ဘူး။ တခြားအလုပ်လည်း မရှိပါဘူး၊ ဆန်ရောင်းတာကိုတောင် ဝယ်စားဖို့ ပိုက်ဆံကမရှိဘူ။ ကလေးတွေနဲ့ အရမ်းအခက်အခဲ ဖြစ်နေပါတယ်” ဟု ပြောသည်။

ထို့အပြင် အမ်းမြို့တွင် မြန်မာစစ်တပ် (စစ်ကောင်စီ) မိသားစုများနှင့် စစ်ကောင်စီဝန်ထမ်းအများစု နေထိုင်သည့် မြို့ဖြစ်သည့်အပြင် စပါးဆန်များကို သိုလှောင်စားသောက်သည့် ဓလေ့ ရှိသည့် ဒေသလည်း မဟုတ်ပေ။

ယနေ့ ဧပြီလ ၁၄ ရကနေ့ နေ့လည် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီအဖွဲ့က အမ်းမြို့နှင့် အနီးပတ်ဝန်းကျင်များအား ဟတ်စကီး ၂ စီးဖြင့် လေကြောင်းတိုက်ခိုက် ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122137613126180219

Leave a Reply

Your email address will not be published.