အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ

(ရခိုင်မှာ အိုးအိမ်စွန့်ခွာရသူ ၁၅၇၀၀၀ ရှိဟု ယူအန်အိုချာပြော)

By Western News / 2024 April     5

ပုံစာ – ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များကို လက်ခံထားသော ကျေးရွာများတွင် သောက်သုံးရေအလွန်ရှားပါးနေသည်။

အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာရသူ စစ်ရှောင်များမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ယူအန်အိုချာ (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ ယိုးတရုပ်၊ ‌ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာနှင့် ကျင်တလင်းရွာ စသည့် ကျေးရွာများတွင် သောက်သုံးရေရှားပါးနေကာ မသန့်ရှင်းသောရေကို သောက်သုံးနေရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးရွာများတွင် မူလနေထိုင်သူ ကျေးရွာသားများအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အခြားသော ကျေးရွာများမှ လာရောက်ခိုလှုံကြသော စစ်ရှောင်အရေအတွက် များစွာရှိနေကြသည်။

မသန့်ရှင်းသောရေကို သောက်သုံးနေရ၍ ကလေးငယ်များနှင့် အမျိုးသမီးအများစုမှာ ခန္ဓာကိုယ်ယားယံမှုနှင့် ဝမ်းပျက်ဝမ်းလျော့ရောဂါကို ခံစားနေရသည်ဟု သရက်ချိုကျေးရွာသို့ ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ လကနေ စစ်ရှောင်လာတာ။ ပုဏ္ဏားကျွန်းမြို့ကိုလည်း သွားခွင့်မရသေးဘူး။ ဒီမှာကလည်း မသန့်ရှင်းတဲ့ ရေကို သောက်နေရတော့ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်။ တချို့ကလေးတွေဆို ဝမ်းပျက်ဝမ်းလျော့ဖြစ်တာတွေရှိတယ်။ အမျိုးသမီတွေဆို ခန္ဓာကိုယ် ယားယံမှုတွေ ဖြစ်နေတယ်။ ကန်မှာရှိတဲ့ ခမ်းခြောက်သွားတော့ ရေနှောက်တွေကိုပဲ အသုံးပြုနေရတယ်။ ” ဟု ပြောသည်။

လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေးရန်လည်း အလွန်အရေးကြီးကြောင်းနှင့် နေရာတိုင်းမှာ ကုန်ဈေးနှုန်းမြင့်တက်နေ၍ ဝယ်မရဖြစ်လာခြင်းကြောင့် စစ်ရှောင်များ စားနပ်ရိက္ခာမဖူလုံးခြင်းမှာလည်း လွန်စွာရတတက်မအေးဖြစ်ရသည်ဟု ယူအန်အိုချာက ဆိုသည်။

ရခိုင်ပြည်တွင် လူနေရပ်ကွက်များအတွင်း ကျရောက်ထိမှန်သည့် ဖြစ်စဉ်များအပါအဝင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပါဝင်သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြားဖြစ်ပွားဆဲ တိုက်ပွဲများကြောင့် အရပ်သားပြည်သူများမှာ ပဋိပက္ခဒဏ်ကို ဆက်လက် ခံစားနေကြရသည်။

အကြမ်းဖက်တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုအန္တရာယ်ပိုမိုမြင့်တက်လျက်ရှိကာ ရှိရင်းစွဲအခြေအနေကပင် ဆိုးရွားလျက်ရှိသောလူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားလာစေသည်ဟု ယူအန်အိုချာက ထုတ်ပြန်ထားသည်။

တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်ခဲ့သည့် နိုဝင်ဘာလကစ၍ ဧပြီလ ၁ ရက်နေ့အထိ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်မှာ အိုးအိမ်စွန့်ခွာရသူ ၁၅၇၀၀၀ ဦးရှိကြောင်း ယူအန်အိုချာက ဆိုသည်။

လက်ရှိမှာလည်း ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကလည်း အရပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားသော အန္တရာယ်ဖြစ်နေသည်။

အရပ်သားပြည်သူများအနေဖြင့် ဖြစ်ပွားဆဲ ပြင်းထန်သည့်ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရသည်ဟု ယူအန်အိုချာ (UNOCHA) က ထုတ်ပြန်ပြောဆိုထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/869963948476366

Leave a Reply

Your email address will not be published.