ကျောက်တော် ကစ္ဆပနဒီတံတားအနီးသို့  စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်  ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သောကြောင့် ၁၈ နှစ်အရွယ် လူငယ် ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ

By Arakan Bay News / 2024 April      5

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးသို့  စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံး ၂ ကြိမ် ၄ လုံး ကြဲချခဲ့သောကြောင့် အသက်  ၁၈ နှစ်အရွယ် လူငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရှိသွားကြောင်း သိရသည်။

ပွဲချင်းပြီးသေဆုံးသွားသူမှာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ အသက် ၁၈ နှစ်အရွယ် မောင်ရဲဝင်းနိုင်ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ ဧပြီလ ၄ ရက်၊ နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးသို့ ဗုံး ၄ လုံး ကြဲချခဲ့သည်။

ထိုသို့တိုက်ခိုက်ခဲ့မှုကြောင့် ကျောက်တော်မြို့သို့ လက်နက်ကြီးကျရောက်ပြီး ပွဲချင်းပြီး ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးကြဲတာပေါ့။ ကစ္ဆပနဒီတံတားအနီးမှာ ကျရောက်ပေါက်ကွဲတယ်။ ၁ ဦးက ပွဲချင်းပြီးသေသွားတယ်။ ၆ ယောက်ဒဏ်ရာရသွားတယ် ” ဟုဆိုသည်။

ဒဏ်ရာရရှိသူများမှာ ကျောက်တော်မြို့ ကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ အသက် ၆ နှစ်အရွယ် မမိုးအိစံ၊ ပြည်တော်သာရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် မခွာညိုလင်း၊ ပိုက်သည်ရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် မသန်းမြင့်စိုး၊  အသက် ၃၇ နှစ်အရွယ် မနီနီသန်း၊ အသက် ၄၃ နှစ်အရွယ် ဒေါ်မကြည်ဝင်းနှင့် အသက် ၆၄ နှစ်အရွယ် ဦးထွန်းစောလှ တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများထဲတွင် ကလေး ၁ ဦး ၊ အသက် ၁၈ နှစ်အောက် အမျိုးသမီး ၂ ဦးနှင့် လူကြီး ၃ ဦးပါရှိပြီး ၎င်းထဲမှ ဦးထွန်းစောလှ၏ ဘယ်ဖက်မျက်နှာတွင် ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ၂ နာရီ ၅၄ မိနစ်တွင် ကြာညိုအင်းကျေးရွာသို့ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကြာညိုအင်းရွာတွင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများသည်  နီးစပ်ရာဆေးခန်းတို့တွင် အရေးပေါ်ဆေးဝါးကုသမှုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့်  မတ်လ ၅ ရက်နေ့ ၁၂ နာရီ ၅ မိနစ်ကလည်း မကွေးဖက်မှ ရက္ခိုင်သို့တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးသည် ကျောက်တော်မြို့သို့ ပေါင် ၅၀၀  ဗုံး ၂ လုံးကြဲချခဲ့သောကြောင့် အမျိုးသား ၁ ဦး အသေးစားဒဏ်ရာ ရရှိခဲ့ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့ရသည်။

ကျောက်တော်မြို့သည် ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်သားများကင်းစင်သောနယ်မြေတစ်ခုလည်းဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေများသို့ နေ့စဥ် ဗုံးကြဲတိုက်ခိုက်လာမှုကြောင့် ပြည်သူများသေဆုံး၊ ဒဏ်ရာရရှိသူများ တိုးလာနေသည်ကို တွေ့ရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122135306288180219

Leave a Reply

Your email address will not be published.