ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်

By Western News / 2024 April     12

ပုံစာ – အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က ရခိုင်ပြည်ကို ဝင်လာသော မုန့်အမျိုးမျိုး။ (ဓါတ်ပုံ – Western News)

ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လကစ၍ ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ကုန်သွယ်နေကြပြီဟု ဒေသခံကုန်သည်များထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ ရခိုင်ပြည်ကို အခြားသော ပြည်မမြို့များနှင့် ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ခဲ့သည်။

ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ မုန့်မျိုးစုံနှင့် ဆေးဝါးများ စသည်တို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ဖူလုံမှုမရှိဘဲ ရင်ဆိုင်ခဲ့ကြရသည်။

သို့သော်လည်း ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်မြို့နှင့် မောင်တောခရိုင်က စစ်ကောင်စီတပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးနောက်ပိုင်း ပြတ်လပ်နေခဲ့သော ကုန်စည်များကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တင်သွင်းနေကြောင်း ကုန်သည်များက ဆိုသည်။

ဖေဖော်ဝါရီလအတွင်းကစ၍ ရခိုင်ပြည်အတွင်း ပြတ်လပ်နေသော ကုန်စည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် အိန္ဒိယနိုင်ငံက အဓိက တင်သွင်းနေကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

” အခု အိန္ဒိယဘက်ကပဲ ကုန်တွေအဓိက ယူကြတယ်။ ဟိုဘက်လမ်းကြောင်းက လုံးလုံးပိတ်နေတာဆိုတော့ ဒီအတိုင်းဆက်နေရင် ပြည်တွင်း ကုန်စည်တွေ လုံးဝပြတ်သွားနိုင်တယ်။ ဒါကြောင့် လမ်းကြောင်းတစ်ခုပြောင်းပြီး ကုန်သွယ်ဖို့အဆင်ပြေတဲ့ အိန္ဒိယကနေပဲ ကုန်စည်တွေ အဓိကယူနေကြတာ။ ” ဟု ပြောသည်။

အိန္ဒိယဘက်မှ အဓိက တင်ပို့ရောင်းချနေသည့် ကုန်စည်များမှာ စားကုန်၊ ဓာတ်ဆီ၊ ဆပ်ပြာ၊ မုန့်အမျိုးမျိုးနှင့် တစ်ခြားလူသုံးကုန်ပစ္စည်းအချို့တို့ ပါဝင်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း စားသုံးဆီ၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ ကွမ်းစားဆေး အမျိုးမျိုး၊ ငရုပ် စသည်တို့ကို အဓိက တင်သွင်းကြကြောင်း ရခိုင်မြောက်ပိုင်း၏ အခြေခံစားသောက်ကုန်များကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ကုန်စည်များတင်သွင်းပြီး လည်ပတ်နေခြင်းဖြစ်သည်။

သို့သော်လည်း စားသောက်ကုန်များဈေးနှုန်းမှာ မိုခါမုန်တိုင်းမတိုင်မီ ကုန်ဈေးနှုန်းသို့ ကျရောက်ခြင်းမရှိသေးဘဲ ကုန်ဈေးနှုန်းဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး စားသုံးဆီ တစ်လီတာမှာ ကျပ် တစ်သောင်းဝန်းကျင် ရှိနေသေးခြင်းဖြစ်သည်။

ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ” အခြေခံစားသောက်ကုန်နဲ့ ဆီတွေက မပြတ်လပ်တော့ဘူး။ ဘယ်ဟာပဲ ဝယ်ဝယ် အကုန်လုံးပြန်ရနေပါပြီ။ ဒါပေမယ့် ကုန်ဈေးနှုန်းက အရမ်းမြင့်နေသေးတယ်။ စားဆီဆိုရင် တစ်လီတာကို ကျပ် ၉၅၀၀ ရှိတယ်။ ရွာတွေမှာဆို ၁၅၀၀၀ ထိပေးရတယ်လို့ ပြောတယ်။ ဓါတ်ဆီဆိုရင်လည်း တစ်လီတာ ကျပ် နှစ်သောင်းဝန်းကျင်ရှိတယ်။ အခြား ကြက်သွန်၊ မုန့်တွေတွေလည်း ဈေးက တက်နေတုန်းပဲ။ ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် AA က ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသို့ ကုန်သွယ်ရေးလမ်းကို ဖွင့်ထားသော်လည်း သင်္ဘောကြီး၊ ဘုတ်ကြီးများဖြင့် သယ်ယူရခြင်းမဟုတ်ဘဲ တစ်ပိုင်တစ်နိုင် စက်လှေများဖြင့် သယ်ယူနေ၍ ခရီးစရိတ်ကြီးမြင့်ခြင်းကြောင့် ကုန်ဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောဆိုကြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ရခိုင်ကို အခြေခံစားသောက်ကုန်များ တင်သွင်းနေသော်လည်း ရခိုင်ပြည်က ကုန်စည်းများ ကြီးကြီးမားမား တင်သွင်းနိုင်ခြင်းမရှိသေးကြောင့်နှင့် အသီးအရွက်အနည်းငယ်သာ တင်သွင်းနိုင်သေးကြောင်း သိရသည်။

ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်းတို့ကို ရက္ခိုင့်တပ်တော် AA မှ ထိန်းချုပ်ရန် လိုအပ်နေသည်။

ရခိုင်ပြည်သည် ယခင်က ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များ၊ စက်ပစ္စည်းများနှင့် လယ်ယာသုံးပစ္စည်းများအတွက် အဓိက မှီခိုခဲ့ကြရသည်။

လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်၊ မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ထားသော်လည်း ရက္ခိုင့်တပ်တော် AA သည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသို့ ချိတ်ဆက်ထားပြီး လာမည့် မိုးရာသီအတွက် လယ်ယာသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ဒေသခံပြည်သူလူထုထံမှ သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/874448621361232

Leave a Reply

Your email address will not be published.