တောင်ကုတ်တွင် စစ်ကောင်စီက စစ်ရေးအင်အားတိုးမြှင့်နေ

By DMG / 2024 April     12

ပုံစာ – မယူမြစ်အတွင်း သွားလာနေသော စစ်ကောင်စီရေယာဉ်များအား ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။

စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်ကို စစ်သင်္ဘောများဖြင့် ဝိုင်းရံပိတ်ဆို့ထားပြီး ကင်းစခန်းများတိုးချဲ့ခြင်းနှင့် စစ်ကြောင်းထိုးသွားလာခြင်းများကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

“တောင်ကုတ်နဲ့နီးတဲ့ သံတွဲမြစ်ဖက်မှာရော၊ တောင်ကုတ်မြို့အနီးမှာရော အနည်းဆုံး စစ်သင်္ဘော (၆) စီးလောက် ဝိုင်းရံထားတယ်။ အရင်က အခုလို အများကြီးသိပ်မတွေ့ရဘူး။ ပြီးတော့ စခန်းကုန်းတွေအပြင် အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းတွေ ခဏခဏသွားလာတာတွေ မြင်ရတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

စစ်သင်္ဘောများသည် တောင်ကုတ်မြို့နယ် နတ်ကန်ရွာအနီးတွင် ၁ စီး၊ ကုလရောင်ရွာအနီးတွင် ၂ စီး၊ ကလိန်တောင်မြစ်တွင် ၁  စီးနှင့် သံတွဲမြို့နယ် ဆင်ခေါင်းရွာအနီးတွင် ၁ စီး၊ ခမောင်းတောရွာအနီးတွင် ၁ စီးဖြင့် နေရာအသီးသီးတွင် စစ်ရေးပြင်ဆင်ကာ လုံခြုံရေးချထားကြောင်း သိရသည်။

ယင်းစစ်သင်္ဘောများမှ ပြီးခဲ့သည့် ဧပြီ ၇ ရက်နှင့် ၈ ရက်တွင် တောင်ကုတ်မြို့နယ်ရှိ  တပျော့၊ တဲမောက်နှင့် မုတ်ကျေးရွာအနီးသို့ လက်နက်ကြီးများ (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်သည် သံတွဲ၊ အမ်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး မြို့နယ်ချင်းဆက် ကားလမ်းများနှင့် တောင်ကုန်းများပေါ်တွင် စစ်ကောင်စီက လုံခြုံရေးစခန်းများ တိုးချဲ့ထားကြောင်း သိရသည်။

“စခန်းတွေရှိတဲ့နေရာတွေကို စစ်ကြောင်းတွေ မကြာခဏသွားထိုးတာမျိုး၊ အင်အားပူးပေါင်းတာမျိုးတွေပေါ့။ တချို့ကင်းစခန်းငယ်တွေဆိုရင် လုံခြုံရေးအကာအရံတွေကို အရင်ကထက် ခိုင်ခိုင်မာမာလုပ်ထားကြတယ်” ဟု တောင်ကုတ်မြို့ခံ နောက်တစ်ဦးက ပြောသည်။

တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်နှင့် တပ်ဦးတောင်တို့တွင် စစ်စခန်းသစ်များ ဆောက်လုပ်ထားသည့်အပြင် နယ်မြေခံတပ်ရင်းဖြစ်သည့် ခမရ (၃၄၆)၊ ခမရ (၅၄၄) နှင့် စကခ (၅) ဌာနချုပ်အနီးတို့တွင် တူးမြောင်းဖောက်၍ လျှို့ဝှက်မိုင်းကွင်းများဖြင့် ဝိုင်းရံထားကြောင်း ဒေသခံများက ပြောသည်။

တောင်ကုတ်ဒေသခံ နောက်ထပ်တစ်ဦးက “ဆက်သွယ်ရေးတူးမြောင်းတွေက ကားတွေမောင်းလို့ရတဲ့အထိကို ကျယ်တာ။ စခန်းပတ်ပတ်လည်မှာ အဲလိုလုပ်ထားတယ်။ မိုင်းတွေလည်းမြှုပ်ထားတော့ အဲဒီတူးမြောင်းအနီး မကြာခဏ  မိုင်းပေါက်ကွဲတာမျိုးကြားတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် လတ်တလောအချိန်ထိ တိုက်ပွဲပြင်းထန်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် မတ်လ ၆ ရက်က စစ်ကောင်စီယာဉ်တန်းတစ်ခုကို ဘာယေကျေးရွာနှင့် မုတ်ကျေးရွာအကြား AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

အာရက္ခတပ်တော်(AA)က ရခိုင်တပြည်လုံးကို ထိုးစစ်ဆင်သိမ်းပိုက်သွားမည်ဟု ပြောဆိုထားပြီး လက်ရှိတွင် ၂၀၂၃ ရခိုင်က မြို့နယ် (၈) ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်နှင့် ထိစပ်နေသည့် အမ်းအပါအဝင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို စစ်ရေးအရှိန်တိုးမြှင့် တိုက်ခိုက်လျက်ရှိသည်။

https://www.facebook.com/dmgnewsagency/posts/819267980246800

Leave a Reply

Your email address will not be published.