စစ်သားမလုပ်ချင်လို့ စစ်တွေမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်ပေါင်း ၃၃ ခုက လူငယ်တွေ ထွက်ပြေးနေ

By VBy Voice Of Westland / 2024 April     2

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်းကလူငယ်‌တွေ စစ်ကောင်စီတပ်သား လုပ်ဖို့ အမိန့်တွေထွက်တဲ့ အတွက် စစ်တွေမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်ပေါင်း ၃၃ ခုက လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ် သတင်းရရှိပါတယ်။

ကျေးရွာရပ်ကွက် ၃၃ ခုအတွင်းက အသက် ၂၄ နှစ်နဲ့ ၃၀ နှစ် အတွင်းရှိတဲ့ လူငယ်တွေကို စစ်ကောင်စီက မှတ်ပုံတင်နဲ့တကွ နာမည်စရင်းတွေကို ရပ်ကွက်ထဲ စာရွက်လာကပ်တယ်လို့ မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေလာတဲ့ အသက် ၂၈ နှစ်ရွယ် လူငယ် တစ်ယောက်က အခုလိုပြောဆိုပါတယ်။

“လ.ဝ.က.ရုံးက အိမ်ထောင်စုရင်းကိုကြည့်ပြီး လာကပ်တာဖြစ်နိုင်ပါတယ်။ နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပတ်အပြည့်အစုံနဲ့ စစ်သားလုပ်ရမယ်ဆိုတဲ့ စာကပ်တာပါ။ ကျနော်တို့က စစ်သားမလုပ်ချင်လို့ ထွက်ပြေးကြတာပါ” လို့ သူကဆိုပါတယ်။

သူထွက်ပြေးလို့ ၃ ရက်လောက်အကြာမှာ ရွာထဲကို စစ်ကောင်စီတပ်သားအပါအဝင် လဝကနဲ့ ထွေအုပ်တွေပါတဲ့အဖွဲ့တစ်ခုက ရွာထဲကိုရောက်လာပြီး လူရှာသွားတဲ့အကြောင်းကို ရွာမှာကျန်ခဲ့တဲ့လူတွေက ဖုန်းဆက်အကြောင်းကြားတယ်လို့ဆိုပါတယ်။

အခုလို ရွာကလူငယ်တွေကို အတင်းအဓမ္မစစ်သားစုဆောင်းတဲ့အပေါ်  အသက် ၃၀ အရွယ်ရှိတဲ့ နောက်ထပ် ထွက်ပြေးတိမ်းရှောင်နေရသူတစ်ယောက်က အခုလို့ပြောပါတယ်။

“ကျနော်တို့က သူတို့ဆီမှာ စစ်သားလုပ်မဲ့အစား ရက္ခိုင့်တပ်တော်ထဲကိုသာ ဝင်လုပ်မယ်။ သူတို့တပ်ထဲဝင်ပြီး အသက်တော့ အသေမခံဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းက မူဆလင်လူမျိုးတွေကို အတင်းအဓမ္မတပ်ထဲဝင်ခိုင်းပြီး AA နဲ့ တိုက်တဲ့

တိုက်ပွဲ‌တွေမှာ လူသားဒိုင်းကာအဖြစ် အသုံးချနေတဲ့အတွက် မူဆလင်လူမျိုးတွေဟာ တိုက်ပွဲအတွင်း မသေသင့်ဘဲ သေပွဲဝင်နေရတယ်လို့ မူဆလင်တစ်ယောက်က ပြောပါတယ်။

ရက္ခိုင်ပြည်အတွင်းမှာ စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပြွဲဖစ်ပွားနေပြီး AA ဘက်ကတော့ မြို့အများအပြားကို သိမ်းဆည်းထားနိုင်ပြီလို့ ရက္ခိုင်လူထုတွေက ပြောဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/442704808141741

Leave a Reply

Your email address will not be published.