AA နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် PIA မှ ရဲဘော်နှစ်ဦး အမ်းတိုက်ပွဲတွင် ကျဆုံးခဲ့ရ

By Narinjara / 2024 April     29

အာရက္ခတပ်တော် (AA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) / ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIA) မှ ရဲဘော်နှစ်ဦးသည် အမ်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည်ဟု အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျဆုံးခဲ့ရသူ နှစ်ဦးမှာ ရဲဘော် သွင်ထူးအောင် (ခ) ဘိုင်အိုနှင့် ရဲဘော် ပါကညော(ခ) စောအောင်စိုးလင်းတို့ ဖြစ်ကြသည်။

၎င်းရဲဘော်နှစ်ဦးအနက် ရဲဘော် သွင်ထူးအောင် (ခ) ဘိုင်အိုသည် ဧပြီလ (၂၅) ရက်နေ့ကလည်းကောင်း၊ ပါကညော(ခ) စောအောင်စိုးလင်းသည် ဧပြီလ (၁၀) ရက်နေ့ကလည်းကောင်း လူမျိုးပေါင်းစုံ ပြည်သူလူထုဘဝ လွတ်မြောက်ရေးအတွက် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲဘော်များသည် အာရက္ခတပ်တော် – AA နှင့်အတူ စစ်အာဏာရှင် လက်အောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအပါအဝင် အခြားသော ဒေသများတွင်လည်း တိုက်ပွဲဝင်နေကြောင်း သိရှိရသည်။

ယခုကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးသည် ရခိုင်ပြည် အမ်းစစ်ဆင်ရေးအတွင်း အာရက္ခတပ်တော်နှင့်အတူ တိုက်ပွဲရင်း ကျဆုံးခဲ့ကြရသည့် ရဲဘော်နှစ်ဦးဖြစ်သည်။

အာရက္ခတပ်တော်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းများ၊ ဗျူဟာကုန်းများကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်လျှက်ရှိနေသည်။ 

အမ်းမြို့နယ်မှ အဓိက ဗျူဟာကုန်တစ်ခုဖြစ်သည် တောဟိန်းတောင်ဗျူဟာကုန်းကိုလည်း  စစ်ကောင်စီက လေကြောင်းမှ အင်အားသုံး ခုခံကာကွယ်နေသည့်ကြားမှ  အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က  သိမ်းပိုက်လိုက်ပြီဖြစ်သည်။

(ဓာတ်ပုံ- Win Zaw= We love Rakhine)

https://www.facebook.com/narinjara.info/posts/841693924664405

Leave a Reply

Your email address will not be published.