အိန္ဒိယ – ပလက်ဝ ကုန်သွယ်ရေးရပ်တန့်မှု ရခိုင်ဒေသထိ ရိုက်ခတ်

By DMG / 2024 April     25

ဓာတ်ပုံ – Ayeyarwaddy Times

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်သို့ ကုန်ပစ္စည်းများတင်သွင်းနေမှုကို ဧပြီလ ဒုတိယအပတ်မှစ၍ အိန္ဒိယက အကန့်အသတ် ပိတ်ပင်လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ လိုချက်ရှိသည့်အတွက် ပိတ်ထားခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။

“မိဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးရှောင်တွေမှာ အခြေခံစား‌သောက်ကုန် လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ရခိုင်ပြည်ဖက်ကို တင်သွင်းမှုရပ်လိုက်တာလို့ သိရတယ်။ နောက်ပြီး အိန္ဒိယရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့လည်း ပြောကြတယ်” ဟု ပလက်ဝကုန်သည်တစ်ဦးက ဆိုသည်။

ပလက်ဝဒေသခံများပြောပြချက်အရ လောင်တလိုင်ခရိုင်မှ ကုန်ပစ္စည်းများကို ပလက်ဝ – မီဇိုရမ်ကားလမ်းပိုင်းမှ တစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ကုန်သွယ်ပြီး နယ်စပ်မှကုန်ပစ္စည်းများကို တစ်ရက်လျှင်  ဟွန်ဒါစက်လှေ အစီးရေ ၄၀ ကျော်ဖြင့် နေ့စဉ်သယ်ယူနေခြင်းဖြစ်သည်။

ရခိုင်ဒေသအတွက် လိုအပ်သော အခြေခံစားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပလက်ဝမြို့နယ်မှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေရသည်။ ပလက်ဝ – မီဇိုရမ်နယ်စပ်ကို မပိတ်ခင်က ကုန်ပစ္စည်းများ လိုအပ်သလောက်ရပြီး လက်ရှိတွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း ကျောက်တော်မြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

“အဲဒီလမ်းကို ပိတ်လိုက်တဲ့အတွက် နောက်ထပ်ကုန်တွေ မရတော့ဘူး။ အခုက ပလက်ဝအထက်ပိုင်းမှာ ကျန်နေတဲ့ ကုန်စည်တွေကိုပဲ ယူနေရတယ်။ တချို့လူတွေဆိုရင် ကိုယ်နည်းကိုယ်ဟန်နဲ့ ကုန်ပစ္စည်းတွေကို ခက်ခက်ခဲခဲ ယူနေတာတွေတော့ရှိတယ်” ဟု သူကပြောသည်။

တတိယအကြိမ် ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေးလမ်းများ ပိတ်ဆို့ထားခြင်းဖြစ်ပြီး အခြေခံစားကုန်အပြင် ဆေးဝါးများပါ ပြတ်လပ်နေသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် မြို့နယ်များမှ ဒေသခံများမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းနေသည့် ကုန်စည်များကို အဓိကအားထားနေကြရသည်။

ရခိုင်ပြည်တွင်း စားနပ်ရိက္ခာနှင့် လူသုံးကုန်များ ဖူလုံစေရေးအတွက် အာရက္ခတပ်တော်(AA) တာဝန်ရှိသူများက အိန္ဒိယအာဏာပိုင်များနှင့် ကုန်သွယ်ရေးအဆင်ပြေအောင် ညှိနှိုင်းနေကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/827162032790728

Leave a Reply

Your email address will not be published.