အမ်းမြို့နယ်အတွင်း တိုက်ပွဲများ တစ်လကျော်ထိ ကြာမြင့်လာ

By DMG / 2024 April     25

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ မတ်လ ၂၄ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေသည်မှာ တစ်လကျော်ထိ ကြာမြင့်လာပြီဖြစ်သည်။

စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ ကဇုကိုင်းရှိ ပွိုင့် ၂၉၉ စခန်းအပြင် အခြားတပ်စခန်းများကို AA က တပြိုင်နက်တည်း ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။

“AA က တောဟိန်းတောင်ကို အဓိကပစ်မှတ်ထားပြီး တိုက်နေတယ်။ မနေ့က မနက်ဆယ်နာရီကျော်ကနေ ညနေပိုင်းအထိ ပွိုင့် ၂၉၉ ဘက်မှာလည်း နှစ်ဘက်ပစ်ခတ်သံတွေ ကြားရတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

တောဟိန်းတောင်ဗျူဟာကုန်းသည် အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရန်ကုန်-စစ်တွေကားလမ်း ကဇုကိုင်းအုပ်စုတွင်တည်ရှိပြီး စစ်ကောင်စီ၏ အလွန်ရေးပါသော ဗျူဟာကုန်းတစ်ခုဖြစ်သည်။

စစ်ကောင်စီကလည်း တပ်စခန်းများမကျရှုံးရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အကြိတ်အနယ် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲအရှိန်မြင့်တက်လျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှေင်နေကြသည်။

“အမ်းမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို အေအေက လက်နက်ချအညံ့ခံဖို့ ပြောထားပြီးသား။ ဒါပေမဲ့ လက်နက်မချကြဘူး။ အေအေကလည်း ရအောင်တိုက်တယ်။ အမ်းအခြေနေက ဘယ်လိုဆက်ဖြစ်လာမလဲ စိတ်ဝင်စားစရာ ကောင်းနေတယ်” ဟု အမ်းဒေသခံနောက်တစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် ခမရ – ၃၇၁၊ ခမရ – ၃၇၂၊ ခမရ – ၃၇၃ တပ်ရင်းများနှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရသည်။

“AA အနေနဲ့ အမ်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် စစ်ရေးနိုင်ငံရေးအရ ကြီးမားတဲ့အကျိုးအမြတ်တွေ ရှိလာမယ်။ ဒါကြောင့်လည်း ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေတာ” ဟု စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်(AA)သည် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်ကာ ရခိုင်ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်သော (၅) လကျော်ကြာ တိုက်ပွဲအတွင်း မြို့နယ် (၉) ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

https://www.facebook.com/dmgnewsagency/posts/827120549461543

Leave a Reply

Your email address will not be published.