ရခိုင်က စစ်ကောင်စီထိန်းချုပ်ရာမြို့နယ်များတွင် စားနပ်ရိက္ခာများရှားပါးကာ စျေးအဆမတန်မြင့်တက်နေ

သား/ငါး  ၁ပိဿာကို ၅ သောင်းနီးပါးအထိ မြင့်တက်လာနေ

By Western News / 2024 April     22

ပုံစာ-စစ်တွေမြို့အဝင် စစ်ကောင်စီယာဉ်တန်းများ လှည့်လည်နေသည်ကို မြင်ရစဉ်

ရခိုင်ပြည်က စစ်ကောင်စီထိန်းချုပ်လျက် ရှိနေသေးသည့် မြို့နယ်များတွင် စားနပ်ရိက္ခာများရှားပါးခြင်း၊ ကုန်စည်စျေးများ အဆမတန်မြင့်တက်ခြင်းဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ထိန်းချုပ်နယ်မြေတစ်ခုအဖြစ် ရှိနေသေးသည့် စစ်တွေမြို့တွင် စားနပ်ရိက္ခာစျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ဒေသခံများမှာ မြို့တွင်းပိတ်မိကာ အငတ်ဘေးဖြင့် ရင်ဆိုင်နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မြို့မှာ လူတွေမနေချင်တော့တာက ကုန်စျေးနှုန်းတွေကြောင့်လည်း ပါတယ်။ အခုက စားနပ်ရိက္ခာတွေလည်း ရှားတယ်။ စျေးကလည်းမြင့်တယ်။ ငါးပုဇွန်နဲ့ ဟင်းသီးဟင်းရွက်ကတော့ အရမ်းရှားတယ်။ ကုန်စျေးနှုန်းကြောင့် အငတ်ဘေးနဲ့ကြုံနေတဲ့ သူတွေအများကြီးပဲ။ အလုပ်ကိုင်ကလည်းရှား ဝင်ငွေလည်းမရှိကြတော့ လူတွေက အတော်ဒုက္ခရောက်နေကြရတယ်” ဟု ပြောသည်။

လက်ရှိ စစ်တွေမြို့၏ ကုန်စည်စျေးများမှာ ဓာတ်ဆီ 92 တစ်လီတာကို ၂၅၀၀၀ ကျပ်၊ ပေါ်ဆန်မွှေးတစ်အိတ်ကို ၂၄၀၀၀၀ ကျပ်၊ ရိုးရိုးဆန်တစ်အိပ်ကို ၁၈၀၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာကို ၅ သောင်းကျပ်၊ ဝက်သား တစ်ပိဿာကို ၄၈၀၀၀ ကျပ်နှင့် ကြက်ဥ တစ်လုံးကို ၉၀၀ ကျပ် စသည်ဖြင့် အသီးသီးရှိနေကြောင်း သိရသည်။

စစ်တွေအပြင် အမ်းမြို့တွင်လည်း ဆန်ပြတ်လပ်ကာ တစ်ခြားကုန်စည်များမှာလည်း ရှားပါးနေပြီဟု အမ်းမြို့ခံတစ်ဦးက ဆိုသည်။

“ဆန်က တစ်ပြည်ကို ၁ သောင်းပဲ။ ဝယ်ချင်လို့ ရှာမရဘူး။ ဓာတ်ဆီကတော့ တစ်လီတာ ၂၀၀၀၀ လောက်ရှိနေတယ်။ ငါးကတော့ အရမ်းရှားတယ်။ အသီးအရွက်ကတော့ နည်းနည်းပေါနေပါသေးတယ်။ တစ်ခြားကုန်စည်တွေလည်း ထိုနည်း၎င်းပါပဲ အရင်နဲ့ဆာရင် စျေးအရမ်းမြင့်လာနေတယ်” ဟုပြောသည်။

ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင်လည်း စစ်ကောင်စီက ကန့်သတ်ချက်များပြားခြင်း၊ ကုန်စည်သယ်ယူမှုများအား တားမြစ်နေ၍ ကုန်စျေးနှုန်းမှာ ထပ်ဆင့်မြင့်တက်လာမည်ဟု ဒေသတွင်းနေထိုင်သူများက ပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရသည့် ရခိုင်တွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာမှုနှင့် ကြုံခဲ့ကြရသည်။

ထိုသို့ ကုန်စည်စျေးမြင့်တက်မှုမှာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ရာမြို့နယ်များတွင် အနည်းငယ်လျော့ကျမှုရှိနေသော်လည်း စစ်ကောင်စီထိန်းချုပ်လျက်ရှိနေသည့် မြို့နယ်များတွင်မူ ကုန်စျေးထပ်ဆင့်မြင့်တက်မှုသာ ရှိလာနေခြင်းဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများတွင် ထိုကဲ့သို့ ကုန်စျေးမြင့်တက်နေမှုအပါအဝင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးတင်းကျပ်မှု၊ အသက်မွေးဝမ်းကျောင်းအလုပ်ကိုင်များအား ဟန့်တားထားမှု၊ AA နှင့် စစ်ရေးတင်းမာနေခြင်း စသည့် အကြောင်းရင်းများကြောင့် ဒေသခံများအနေဖြင့် AA ထိန်းချုပ်ရာနယ်မြေများသို့ လာရောက်ခိုလှုံသူ များပြားလာကြောင်း သိရသည်။ 

Western News-WN

https://www.facebook.com/westernnewsagency/posts/880780477394713

Leave a Reply

Your email address will not be published.