ဘင်္ဂလား‌ဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၅ဦးကို  မြန်မာသို့ပြန်ပို့

(အလားတူ မြန်မာဘက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကိုလည်း ပြန်ပို့ခဲ့)

By Narinjara / 2024 April     25

ဧပြီ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို မြန်မာဘက်က ပြန်ပို့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စစ်ရှုံး၍ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဖော်ပြသည်။

ပြန်ပို့ခံရသည့် စစ်ကောင်စီ ၂၈၅ဦး အထဲတွင် ၂၆၁ ဦးမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ကျန်သူများမှာ စစ်သားများနှင့် လ၀ကများဖြစ်ကြသည်ဟု သိရသည်။

၎င်းတို့ကို ယနေ့ ဧပြီ ၂၅ ရက်တွင် အစောင့်အရှောက်အများအပြားဖြင့် ခေါ်ယူလာပြီး  ရေကြောင်းကတဆင့် မြန်မာဘက်ခြမ်းသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

” ၎င်းတို့ကို နတ်ချောင်းဆရီမြို့မှ ဘတ်စ်ကားများဖြင့် ကော့စ်ဘဇားမြို့ရှိ (BIWTA) ဆိပ်ကမ်းသို့ နံနက် ၄ နာရီအချိန်တွင် ယူဆောင်လာခဲ့ပြီး  မြန်မာအာဏာပိုင်များထံကို လွှဲပြောင်းပေးခဲ့သည်” ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ Mr Shariful Islam က ပြောသည်။

၎င်းတို့ကို အဆိုပါဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောဖြင့် သယ်ဆောင် လာခဲ့ပြီး ဘင်္ဂလာပင်လယ်ထဲတွင် ကျောက်ချရပ်နားနေသည့် မြန်မာစစ်သင်္ဘော ချင်းတွင်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။

ယခုပြန်ပို့ခဲ့ခြင်းမှာ နှစ်ဘက်နယ်ခြားစောင့်တပ်ဖွဲ့နှစ်ခုမှ ညှိနိုင်း ပြန်ပို့ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်ကောင်စီမှ ပြန်ပို့ခံရသူများ၏ စာရင်းများကို စိစစ်ကာ လွှဲပြောင်းလက်ခံယူခဲ့သည်ဟု သိရသည်။ 

၎င်းနယ်ခြားစောင့်တပ်ဖွဲ့ ၂၈၅ ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်းတွင်  အာရက္ခတပ်တော်နှင့် ဖြစ်ပွားသည့် စစ်ပွဲတွင် စစ်ရှုံး၍ ဘင်္ဂလားဒေ့ရှ် နယ်မြေပိုင်နက်အတွင်း ထွက်ပြေးခိုလှုံသွားကြသူများ ဖြစ်ကြသည်။

ရခိုင်ပြည် စစ်တွေမြို့ အကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၁၇၃ ကို ဧပြီ ၂၃ ရက်က နေရပ်ပြန်ပို့ခဲ့သည်ဟု  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲများသည် ယခုနှစ်ဆန်းပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်အဖြစ် တပ်ဖွဲ့ဝင်ပေါင်း  ၃၃၀ ဦး ထွက်ပြေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့  ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/839430208224110

Leave a Reply

Your email address will not be published.