တိုက်ပွဲကြောင့် သံတွဲမြို့နယ် ဒေါ်မြနှင့် ပုရစ်ရေကောက် ရွာလုံးကျွတ်တိမ်းရှောင်

(စစ်ကောင်စီပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ)

By Western News / 2024 April     23

ပုံစာ – သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ဒေါ်မြရွာနှင့် ပုရစ်ရေကောက်ကျေးရွာအား ဝေဟင်မှ မြင်တွေ့ရစဉ်။ (ဓါတ်ပုံ – MOI)

ရခိုင်ပြည် သံတွဲမြို့နယ် ဒေါ်မြကျေးရွာနှင့် ပုရစ်ရေကောက်ကျေးရွာမှ ဒေသခံများမှာ ရွာအနီးတိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယမန်နေ့ နံနက် ၁၁ နာရီကစ၍ ညနေ ၉ နာရီအထိ စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” တိုက်ပွဲက မနေ့က မနက်ပိုင်းကနေ စဖြစ်နေကြတာ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ကြသေးတယ်။ စစ်ကောင်စီဘက်က နေဗီက ပစ်ခတ်တာလို့ ထင်တာပဲ လက်နက်ကြီးပစ်ခတ်တာတော့၊ လေယာဉ်နဲ့ ဗုံးကြဲတာတို့ကို လုပ်နေတယ်။ ဒီနေ့ မနက်အထိဆို လေယာဉ်က ဗုံးကြဲချတာ ၄ ကြိမ်ရှိပါပြီ။ ဒေါ်မြရွာနဲ့ ပုရစ်ရေကောက်ရွာကို စစ်ကောင်စီက အတွဲလိုက် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပါပြီ။ ” ဟု ပြောသည်။

ဒေါ်မြရွာ၊ ပုရစ်ရေကောက်ရွာ၊ ရွှေလှေရွာနှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာနေရာတို့သည် ၁၅ မိုင်ပတ်လည်တွင် ရှိကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် တစ်လကျော်ကစ၍ လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲနေရာယူထားခြင်း ရှိသည်။

သွားလာလှုပ်ရှားနေသော စစ်ကောင်စီ စစ်ကြောင်းနှင့် AA တို့ ဒေါ်မြကျေးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး AA ကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်း၌ တပ်စွဲထားသော စစ်ကောင်စီ စစ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်နေ့ တိုက်ပွဲအတွင်း ခရီးသည်တင်ကားတစ်စီးမှာ တောင်ကုတ်-သံတွဲကားလမ်းမအတိုင်း ဒေါ်မြကျေးရွာအနီး ဖြတ်သန်းသွားလာရာ စစ်ကောင်စီက ပစ်ခတ်သော သေနတ်ကျည်ဆံကြောင့် ကားဒရိုင်ဘာ ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးအပါအဝင် ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

သံတွဲဒေသခံတစ်ဦးက ” တိုက်ပွဲဖြစ်နေတုန်းမှာ ခရီးသည်အပြည့်နဲ့သွားတော့ ဘယ်ကိုသွားလဲတော့ မသိဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားတယ်။ အဲဒါကို မရပ်လို့ဆိုပြီး သေနတ်နဲ့ လှမ်းပစ်ခတ်တာ။ ကားဒါရိုင်ဘာ ကိုစိုးသူက ပွဲချင်းသေပြီးတော့ ခရီးသည် ၅ ဦးထက်မနည်း ဒဏ်ရာ ရသွားတယ်။ အခု တောင်ကုတ်-သံတွဲ လှိုင်းဆွဲကားတွေ ရပ်တန့်ထားတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်လေ။ ” ဟု ပြောသည်။

ဒေါ်မြရွာ၊ ပုရစ်ရေကောက်ကျေးရွာနှင့် ရွှေလှေကျေးရွာတို့မှာ ၃ မိုင်ခန့်သာ ဝေးကွာပြီး စစ်ကောင်စီ၏ အတွဲလိုက်လက်နက်ကြီးသံများ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အလွန်စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရွှေလှေဒေသခံတစ်ဦးက ” တိုက်ပွဲဖြစ်တော့ ကျနော်တို့ဒေသခံတွေ အရမ်းကြောက်နေကြတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ကျနော်တို့ရွာက ၃ မိုင်လောက်သာ ဝေးပါတယ်။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလည်း ဒီနေ့ မနက်အထိကို ရှိခဲ့တော့ ရွာထဲ ကျမှာ အရမ်းစိုးရိမ်နေရပါတယ်။ တချို့ရွာသားတွေတော့ တိုက်ပွဲနဲ့ ဝေးရာကို ထွက်ပြေးနေတာတွေလည်းရှိပါတယ်။ အရပ်သားတွေ မထိခိုက်စေဖို့ ဆုတောင်းပါတယ်။ ” ဟု ပြောသည်။

ယမန်နေ့ ဒေါ်မြရွာအနီး တိုက်ပွဲတွင် AA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်သားအများအပြားသေဆုံးခဲ့၍ လေကြောင်းပစ်ကူပေးခဲ့သည်ဟု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သံတွဲမြို့ပေါ်ကိုလည်း စစ်ကောင်စီက လုံခြုံရေး ယခင်ထက် ၅ ဆခန့် တိုးမြှင့်ကာ ဂိတ်များတိုးချဲ့ပြီး ဒေသခံပြည်သူများအား စစ်ဆေးရေးအလွန်တင်းကျပ်နေကြောင်း စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA ၏ ထိုးစစ်တိုက်ခိုက်မှုမှာ ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်အထိ ကျယ်ပြန့်လာပြီး မကြာခင် အဆုံးအဖြတ်ပွဲကြီးကို ဆင်နွှဲတော့မည်ဟု AA စစ်ဦးစီးချုပ်က ပြောဆိုထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/881409420665152

Leave a Reply

Your email address will not be published.