ကျောက်ဖြူနယ်တွင် ဂျက်ဖိုက်တာ​ဖြင့်ဗုံးကြဲချမှုကြောင့် အမျိုးသား ၁ ဦးပွဲချင်းပြီးသေဆုံးကာ လူငယ် ၂ ဦး နှင့် နွား ၂ ကောင် ဒဏ်ရာရ

By Arakan Bay News / 2024 April      25

ရက္ခိုင်ပြည်၊​ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး လူငယ် ၂ ဦးနှင့် နွား ၂ ကောင်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်း ၁ ဆောင်အပါအဝင် အိမ် ၃ ဆောင်ပျက်စီးသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ စနဲတိုက်နယ် သစ်ကတိုးရွာမှ အဖ ဦးအောင်စိန်၏သား အသက် ၅၆ နှစ်အရွယ် ဦးညီပုချေ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ဧပြီလ ၂၅ ရက်၊ နံနက် ၁၁ နာရီကျော်တွင် စနဲတိုက်နယ် သစ်ကတိုးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသား တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း

ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ဒီနေ့ ၁၁   နာရီလောက်မှာ ဂျက်နဲ့လာပစ်သွားတယ်။ ရွာ ၃ ရွာလောက်မှာကျတယ်။ ၁ ယောက်ကပွဲချင်းပြီးသေသွားတယ်။ ၂ ယောက် ဒဏ်ရာရသွားတယ်” ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် စနဲတိုက်နယ် လေးပုံကျောက်ရွာသို့ ဂျက်တိုက်လေယာဥ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ၁၆ နှစ်အရွယ်တစ်ဦးအပါအဝင် လူငယ် ၂ ဦး အသေးစားဒဏ်ရာရရှိကာ ရွာဦးဘုန်းတော်ကြီးကျောင်းလည်း ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

အသေးစားဒဏ်ရာရရှိခဲ့သူများမှာ အဖ ဦးမောင်ဖြူကြီး၏ သား အသက် ၂၂ နှစ်အရွယ် မောင်စိုးနိုင်ထွန်း နှင့် အဖ ဦးဇော်မိုးအောင်၏သား အသက် ၁၆ နှစ်အရွယ် မောင်ကောင်းထက်အောင်တို့ ဖြစ်သည်။

အလားတူ ကျောက်ဖြူတွင် ယနေ့ နံနက် ၈ နာရီ ၁ မိနစ်တွင်   တောင်မော်ကြီးရေတပ်နှင့် ဇင်ချောင်းပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် နေဗီ ၂ စီးမှ  လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးပြီး နွားများ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တောင်မော်ကြီးရေတပ်စခန်းကပစ်တယ်။ ဇင်ချောင်းဖက်ကနေဗီကလည်းပစ်တယ်။ မြို့ချောင်းရွာမှာ ကျရောက်ပေါက်ကွဲပြီး အိမ် ၃ ဆောင်ပျက်စီးသွားတယ်။ ရွာသစ်ကေ ရွာက နွား ၂ကောင် ဒဏ်ရာရသွားတယ် ” ဟု ဆိုသည်။

ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များမှာ ​ကျောက်ဖြူမြို့၊ မြို့ချောင်းရွာမှ ဦးစောဝင်း၊ ဦးရွှေနုနှင့် ဦးလှဘုချေ အိမ်တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် စနဲတိုက်နယ်ရှိ ရွာများသို့ ဂျက်ဖိုက်တာ၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ၁ နာရီကျော်ကြာပစ်ခတ်ခဲ့သည့်အတွက် အနီးအနားရှိဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်  ဧပြီလ ၂၁ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒွေးချရွာမှ နေအိမ် ၃၀ခန့် မီးလောင်ပြာကျခဲ့ရကြောင်းသိရသည်။

https://www.facebook.com/arakanbaynewsinfo/posts/122140234748180219

Leave a Reply

Your email address will not be published.