ရခိုင်တွင် အမျိုးသမီးလစဥ်သုံးပစ္စည်းများ စျေးမြင့်ပြီးဝယ်ယူရခက်ခဲနေ

By Western News / 2024 March     28

အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည်ကို ပြည်မနှင့် ကူလူးဆက်ဆံမှုများ အားလုံးရပ်ဆိုင်းထားသော အကျိုးဆက်ကြောင့် ကုန်စည်ဈေးနှုန်းများမှာ ပုံမှန်ဈေးနှုန်းထက် အဆင်မတန် မြင့်တက်နေကြောင်း ဒေသခံများကပြောသည်။

ယင်းအထဲမှ အမျိုးသမီးလစဥ်သုံးပစ္စည်းများမှာ ယခင်ထက် စျေးအဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်းခက်ခဲနေကြောင်း ဒေသနေအမျိုးသမီးများက ပြောသည်။

အမျိုးသမီးလစဥ်သုံးပစ္စည်းများမှာ ယခင် တစ်ထုတ် ၆၀၀ မှ ၁၀၀၀ ကျပ်ကျော်အတွင်းသာရှိခဲ့သော်လည်း လက်ရှိတွင် တစ်ထုတ်ကို ၄၀၀၀ မှ ၆၀၀၀ အထိ စျေးမြင့်လျှက်ရှိနေခြင်းဖြစ်သည်။

စျေးမြင့်နေသည့်အပြင် လစဥ်သုံးပစ္စည်းအမျိုးအစားကိုလိုက်၍လည်း ဝယ်ယူရခက်ခဲကြောင်း လစဥ်သုံးပစ္စည်းရောင်းချနေသူတစ်ဦးက ပြောသည်။

“အရင် အသုံးများတဲ့ တံဆိပ်တွေဆို ရှာရသိပ်မလွယ်ဘူး။ ရတဲ့ဟာကိုဝယ်ပြီး ရောင်းနေရတာပဲ။ သုံးတဲ့သူကလည်း အမျိုးအစားရွေးသုံးလို့ မရတော့ဘူး။ စျေးလည်းမြင့်တော့ တော်ရုံအမျိုးသမီးတွေဆို ဝယ်မသုံးကြတော့ဘူး” ဟု ပြောသည်။

စစ်ဘေးဒဏ်ခံစားနေရဆဲဖြစ်သည့် ရခိုင်တွင် စစ်ရှောင်နေရဆဲဖြစ်သည့် အမျိုးသမီးများမှာလည်း လစဥ်သုံးပစ္စည်း စျေးမြင့်မှုကြောင့် ဝယ်ယူအသုံးပြုနိုင်ခြင်း မရှိတော့ဟု စစ်တွေမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“မိသားစု ၆ ယောက် စစ်ဘေးရှောင်လာကြတာပါ။ အရင်က ဝန်ထမ်းလစာလေးတွေနဲ့ စားရေးသောက်ရေး လည်ပတ်နိုင်ပေမယ့် အခုက လစာလည်းမရတော့ မနည်းရုန်းကန်နေရတယ်။ ဒီကြားထဲ လစဥ်သုံးပစ္စည်းစျေးက တစ်ရက်စာစျေးဖိုးလောက်ဖြစ်နေတော့ ဝယ်သုံးလို့အဆင်မပြေတော့ဘူး။ ကျန်းမာရေးအတွက် ထိခိုက်နိုင်တာသိပေမယ့် မဝယ်နိုင်တော့လည်း ဘယ်တတ်နိုင်လဲ” ဟု ပြောသည်။

အမျိုးသမီးလစဥ်သုံးပစ္စည်းမှာ အမျိုးသမီးများအတွက် အဓိကလိုအပ်သည့် ပစ္စည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးလိုအပ်ချက် တစ်ခုလည်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ပေးရေးအဖွဲ့များမှာလည်း လုပ်ငန်းများရပ်တန့်နေကြပြီး စစ်ရှောင်ပြည်သူများမှာ အကူအညီများစွာလိုအပ်နေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/864849108987850

Leave a Reply

Your email address will not be published.