ရွေးကောက်ပွဲဥပဒေသစ်ကြောင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီက ပြည်နယ်အဆင့်သာ ဝင်ပြိုင်ရန် မှတ်ပုံတင်

By DMG /2023 March               16

ပုံစာ – ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလက ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ မဲဆွယ်စည်းရုံးခဲ့စဉ်။

ပါတီရန်ပုံငွေ သတ်မှတ်ငွေကြေးနှင့် ပါတီဝင်အင်အား အခက်အခဲတို့ကြောင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (Rakhine State National United Party – RSNUP)အနေဖြင့် ပြည်နယ်အဆင့်တွင်သာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်လိုက်ကြောင်း သိရသည်။

RSNUP အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ပြိုင်ယှဉ်ပြိုင်ခဲ့သော်လည်း ယခု စစ်ကောင်စီက ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်သာ ဝင်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်း ပါတီတာဝန်ရှိသူထံမှ သိရသည်။

“ကျနော်တို့ပါတီအနေနဲ့ အခုပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ဘူးဆိုရင် အလိုအလျှောက် ပျက်ပြယ်သွားမယ်။ နောက်ပြီးတော့ အဲဒီဥပဒေသစ်မှာ တစ်နိုင်ငံလုံးအဆင့် ဝင်ပြိုင်မယ်ဆိုရင် ရန်ပုံငွေ (သိန်း) ၁,၀၀၀ ရှိရမယ်ဆိုတယ်။ ကျနော်တို့ပါတီအနေနဲ့ အဲဒီငွေပမာဏကို မတတ်နိုင်တဲ့ အတွက်ကြောင့် ပြည်နယ်အဆင့်ဝင်ပြိုင်ဖို့အတွက် မှတ်ပုံတင်လိုက်တာပါ”ဟု ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဝင်းက DMG ကိုပြောသည်။

စစ်ကောင်စီက သတ်မှတ်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင် တစ်နိုင်ငံလုံးတွင်ဝင်ပြိုင်မည့် ပါတီများအနေဖြင့် သိန်း(၁,၀၀၀)ရန်ပုံငွေနှင့် တိုင်းနှင့်ပြည်နယ်များတွင် ဝင်ပြိုင်မည့် ပါတီများအနေဖြင့် ရန်ပုံငွေ သိန်း(၁၀၀)ရှိရမည်ဖြစ်သည်။

ထို့အပြင် တစ်နိုင်ငံလုံးတွင် ပါတီဝင်အင်အား လူတစ်သိန်း၊ တိုင်းနှင့်ပြည်နယ်အဆင့်တွင် ပါတီဝင်အင်အား တစ်သောင်း ရှိရမည်ဟု စစ်ကောင်စီက ပြဌာန်းထားသဖြင့် အခက်အခဲကြောင်းလည်း RSNUP ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဝင်းက ဆိုသည်။

“တစ်နိုင်ငံလုံးဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင်အား ၁ သိန်းရှိရမယ်ဆိုတော့ ကျနော်တို့ ပါတီမှာ အဲဒီလောက် လူအင်အားလည်း မများဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ဝင်ပြိုင်ဖို့အတွက် မှတ်ပုံတင်လိုက်တာပါ။ ပြည်နယ်အဆင့်အနေနဲ့ မြို့နယ် ၅ ခုမှာ ပါတီရုံးခန်း ရှိရမယ်ဆိုတော့ ကျနော်တို့က တောင်ပိုင်းကမြို့နယ်တွေကို ရွေးချယ်ထားပါတယ်”ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် ပြီးခဲ့သည့် ၂၀၁၅၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများ၌ ဝင်ပြိုင်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ အနိုင်မရရှိခဲ့ပေ။

လက်ရှိတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရခိုင်အခြေပြု မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ(၃) ခုထဲတွင် ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီတို့ဖြစ်ကြသည်။ ရခိုင်က အင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)ကလည်း ပါတီမှတ်ပုံတင်ရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်နေသည်။

တစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မတ်လ ၁၆ ရက်နေ့အထိ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီပေါင်း ၂၆ ခုရှိသည်။ ယင်းအထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီ ၆ ခုနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းလုံးမည့် ပါတီ ၂၀ ခုရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR)ဖြင့်ပြုလုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2546310732187989

Leave a Reply

Your email address will not be published.