စစ်ကောင်စီက ချီးမြှင့်သည့် စည်သူဘွဲ့နှင့် သီရိပျံချီဘွဲ့ တို့ကို ရခိုင်မှ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ဒေါက်တာအောင်ကျော်မင်းတို့ ပါဝင်

By Western News / 2022 November               17

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ပေးခံရသည့် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဌ ဒေါ်အေးနုစိန်ကို စည်သူဘွဲ့နှင့် ဒေါက်တာအောင်ကျော်မင်းကို သီရိပျံချီဘွဲ့အား ယနေ့ နိုဝင်ဘာ ၁၇ရက်နေ့ နေ့စွဲဖြင့် စစ်ကောင်စီက ချီးမြှင့်အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အာဏာသိမ်း စစ်ကောင်စီက ချီးမြှင့်အပ်နှင်းခံရသည့် သီရိပျံချီဘွဲ့ ကို ရခိုင်ပြည်နယ်၊ စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို စည်သူဘွဲ့ကို ပါဝင်သည်ကို တွေ့ရှိ ရသည်။

မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းရာတွင် စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စည်သူဘွဲ့ ချီးမြှင့်ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်းလင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်ဦး၊ စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်စသည့် စစ်ကောင်စီအဖွဲ့ဝင် အများအပြား ပါဝင်သည်။

ရခိုင်ပြည်အတွင်း အရပ်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လူမှုအဖွဲ့အစည်းများမှ သူများကို စစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ဖမ်းဆီးမှုများ ရှိနေပြီး ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ရခိုင်တွင်ရှိသည့် နိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင့်ဦးဆောင်ပါတီ AFP နှင့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ပါတီ ALP တို့မှ တစ်စုံတစ်ရာထုတ်‌ဖော်ရေးသား ကန့်ကွက်ခြင်း မရှိသည်အပေါ် ရခိုင်လူထုမှ ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၁၆ ရက်နေ့ ကျောက်တော်မြို့နယ် ကန်စောက်တောင်ပေါ်တွင် အခြေစိုက်ထားသည့် ၅၃၉ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းတူကျေးရွာမှ ဒေသခံ ၄ဦးသေဆုံးသွားပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင်မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်မှ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းခန့်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကျရောက်လာမှုကြောင့် ကလေးငယ်များအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ အရပ်သားပြည်သူများ သေဆုံးမှုအတွက် ရခိုင်ကိုယ်စားပြု ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများအပြင် နိုင်ငံတော်အဆင့် တာဝန်ယူထားကြသည့် ရခိုင်လူမျိုးများဖြစ်ကြသော စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ဦးဇော်အေးမောင်၊ ၎င်းတို့ခန့်ထားသည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့က တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေသည်။

ပါတီ၏ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဦးဇော်အေးမောင်မှာလည်း ပါတီတွင် ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်ကာ ရခိုင်ဒေသတွင် လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်များနှင့်ပတ်သက်၍ ကာလတစ်ခုအထိ နှုတ်ဆိတ်နေခဲ့ရာ ပြည်သူများအကြားတွင်ဝေဖန်ပြောဆိုမှုများ ပြင်းထန်မှုရှိခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ ANPမှ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲအခြေအနေ စစ်ရေးသဘောထားများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ အောက်တိုဘာ ၁၂ရက်နေ့မှာ ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူများကို ခေါ်ယူသတိပေးခဲ့ပြီးနောက် လက်ရှိ တစ်ကျော့ပြန်တိုက်ပွဲတွင် ရခိုင်ပြည်သူများ နေ့စဉ်ဖမ်းဆီးခံရမှု သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း ကန့်ကွက်ခြင်းများအား မရှိတော့ပေ။

Western News-WN

#စစ်ကောင်စီ

#ချီးမြှင့်

#မဟာသရေစည်သူဘွဲ့

#ဒေါ်အေးနုစိန်

#ဒေါက်တာအောင်ကျော်မင်း

https://www.facebook.com/westernnewsagency/posts/651642493308925

Leave a Reply

Your email address will not be published.