AA ထိုးစစ် ငသိုင်းချောင်း အမြောက်တပ် (၃၄၄) အနီးသို့ရောက်ရှိလာ

By Narinjara / 2025 March 28

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည် ရိုးမအစပ် စစ်စခန်းများနှင့် ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကြောင်းများကို တစ်ခုပြီး တစ်ခု တိုက်ခိုက်သိမ်းပိုက်ပြီး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ငသိုင်းချောင်းအနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းအနီးသို့ထိ ရောက်ရှိလာပြီဟု ဒေသခံများက ပြောသည်။

“ ဒီအတိုင်းဆိုရင် မကြာခင် အမြောက်တပ် ၃၄၄ ကို ရောက်လာပါတော့မယ်။ အခုက သီတာကုန်းပြင်နားက ကျောက်ခဲချောင်းထိ တိုက်ပွဲရောက်လာပါပြီ။ ကျောက်ခဲချောင်းကျော်ရင် ကုန်းပြင်ရွာ၊ ပီးရင် မြောက်စမ်း၊ မြောက်စမ်းကို ကျော်လာရင်တော့ ၃၄၄ ကို ရောက်ပါပြီ” ဟု ပြောဆိုသည်။

ရိုးအစပ် နေရာများတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ အကျအဆုံးများဖြင့် တစ်ဖြည်းဖြည်း နောက်ဆုတ်လာနေရပြီး လက်ရှိတွင် အေအေထိုးစစ်မှာ အမြောက်တပ် ၃၄၄ နှင့် နီးလာပြီဖြစ်ကြောင်း၊ များမကြာမီ ၃၄၄ သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဒေသခံများထံကတစ်ဆင့် သိရှိရသည်။

“ အခု ရိုးမအစပ် တောင်ခြေရင်းရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတော့ ယခင် ရခိုင်က စစ်ရှောင်တွေက ရခိုင်ဘက်ကို ပြန်ပြေးတယ်။ ဒီဘက်က ရခိုင်ရိုးမ အရှေ့ခြမ်း ရွာတွေဖြစ်ကြတဲ့ ကျားကိုက်၊ ချောပြာ၊ မှန်တန်း၊ စက်စက်ယို ရွာတစ်ဝိုက်က လူတွေလည်း တချို့ ရခိုင်ဘက်ကို တချို့က ပြည်မဘက်ကို ရွာကနေထွက်ပြေးလိုက်၊တချို့လည်း ပြန်ဝင်လာလိုက် ဖြစ်နေပါတယ်”ဟု ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ညောင်ကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ကျေးရွာရှိ စစ်စခန်းအား အေအေနှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်ဟု သိရှိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည် ပုသိမ်- မုံရွာကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းများ၊ စစ်ကြောင်းများ၊ ကာကင်းများကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်က အမြောက်ကြီးများဖြင့် ပစ်ခတ်သည့် အပြင် ဝေဟင်မှလည်း လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုတိုက်ခိုက်နေသည်ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များ အရ သိရသည်။

လက်ရှိ တိုက်ပွဲများမှာ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်များတွင် နေ့စဉ်လိုလို ဖြစ်ပွားနေသည်ဟု သိရသည်။

အင်္ဂပူမြို့နယ်တွင်လည်းကွင်းကောက်တိုက်နယ်၊ ကြက်ပေါင်ကုန်းကျေးရွာအနီးဝန်းကျင်တွင် အေအေဦးဆောင်သော တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတပ်များအကြား မတ်၂၇ ရက်နေ့က တ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုသိရသည်။

မတ်လ ၂၄ ရက်နေ့ကလည်း ငသိုင်းချောင်းမြို့အနီးရှိ ကျားကိုက်ရွာနှင့် ဝတ်ကုန်းအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/pfbid02WLkFDcVnT1m2k9gHsMTukMECdUFNiJsVNQE6HP9TJyCB3jH59rhF4jihCgnrxxPfl

Leave a Reply

Your email address will not be published.