By Narinjara / 2025 March 31

စစ်ကောင်စီက အစစ်အဆေးကြမ်းနေသည့်ကြားမှ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပဒါန်းမြို့ရှိ ဒေသအခေါ် နတ်ရေကန်ဆီဆိုင်ဂိတ်ဟုခေါ်သည့် စစ်ကောင်စီ၏မြို့ဝင်ဂိတ်ကို ယမန်နေ့ မတ်လ ၃၀ ရက်၊ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဒီဂိတ်က မင်းဘူးဖက်က ပဒါန်းကိုလာတဲ့ဂိတ်ပါ။ စစ်ဆေးရေးကြမ်းတဲ့ဂိတ်လည်းဖြစ်တယ်။ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တခြားပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ။ နာရီဝက်လောက်ထိဖြစ်ခဲ့တယ်” ဟု ပြောသည်။
စစ်ကောင်စီဖက်မှ အကျအဆုံးများပြားပြီး ဒဏ်ရာရစစ်သားများကို နီးစပ်ရာ ပဒါန်းမြို့ဆေးရုံသို့ ယူဆောင်သွားသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“စစ်ကောင်စီဖက်က ဒဏ်ရာရစစ်သားတွေရှိတယ်။ သေတာတွေလည်း ရှိတယ်။ သူတို့ကို ဂိတ်နဲ့အနီးဆုံးဖြစ်တဲ့ ပဒါန်းမြို့ဆေးရုံကို အရေးပေါ်ယူသွားတယ်” ဟုပြောသည်။
ပဒါန်းမြို့၏ ဆုံကုန်းအမြောက်တပ်မှ စစ်ကူအင်အားများတက်လာပြီး ပဒါန်းမြို့တစ်ခုလုံးတွင် ယခင်ထက်လုံခြုံရေးချထားကာ စစ်ဆေးမှုကြမ်းနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ဆုံကုန်းအမြောက်တပ်ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်ခဲ့သည့် မြို့ဝင်ဂိတ်အနီးနှင့် နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနေရာများသို့ လက်နက်ကြီးကျည်များဖြင့် ရမ်းသန်းပစ်ခတ်နေပြီး လေကြောင်းမှလည်း ဗုံးကြဲနေကြောင်း သိရသည်။
ပဒါန်းမြို့ကို စစ်ကောင်စီအလုံးစုံထိန်းချုပ်ထားပြီး ဒေသခံများအပါအဝင် ရခိုင်နှင့် ချင်းလူမျိုးများကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်း သိရသည်။
—
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။