By Narinjara / 2025 March 31

ရခိုင်ပြည်တွင် သုံးလအတွင်း စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် ၁၁ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။
ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်း စစ်ကျန်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများပေါက်ကွဲ၍ ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရသွားကြခြင်းဖြစ်သည်။
မတ်လတွင် တစ်ဦးသေဆုံးပြီး ၂ဝ ဦးဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတွင် ရှစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။
အလားတူ ဇန်နဝါရီလတွင်လည်း နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
သေဆုံး၊ ဒဏ်ရာရသူများတွင် အသက်မပြည့်သည့်ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်သည်။
အများစုမှာ မိုင်းပေါက်ကွဲ၍ ထိခိုက်သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
မတ်လတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း အများဆုံးရှိခဲ့သည်။
ယနေ့ မတ်လ ၃၁ ရက်တွင်လည်း တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းရွာအနီးတောင်ပေါ်တွင် ထင်းခွေသွားသည့် ကြိုးကြာကွင်းရွာမှ ဒေါ်အောင်မြ (၆၄)နှစ်သည် စစ်ကျန်မိုင်းကိုနင်းမိ၍ ဘယ်ခြေထောက်ပြတ်ထွက်သွားခဲ့ရသည်။
ယမန်နေ့ မတ်လ ၃ဝ ရက်၊ မွန်းတည့် ၁၁ နာရီခန့်ကလည်း ဂွမြို့နယ်၊ ဆားချက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင်သည် ဟင်းစားရှာရန်တောင်ပေါ်သို့သွားစဉ် မိုင်းနင်းမိ၍ ဘယ်ခြေထောက် ပြတ်ထွက်သွားကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်း ပြောသည်။
“တောင်ပေါ်ကိုသွားတဲ့အခါ မိုင်းနင်းမိပြီးတော့ ဘယ်ခြေထောက် ခြေဖဝါးနဲ့ ခြေချောင်းနဲ့ကြားက အဆစ်ကပြတ်သွားတာပါ။ လက်ရှိကတော့ ဆေးကုသဖို့အတွက် ပို့ဆောင်ထားပါတယ်” ဟုပြောသည်။
ရခိုင်တွင် မိုင်းအန္တရာယ်များနှင့်ပတ်သက်ပြီး တတ်ကျွမ်းသူများက အသိပညာပေးပြောပြပြီး လုပ်ဆောင်မှသာ မိုင်းအန္တရာယ်မှ လျော့ကျလာနိုင်ကြောင်း အာရက္ခမျိုးဆက် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ကိုစိုးလွင်က ပြောသည်။
“ပြည်သူတွေ စားဝတ်နေရေးအတွက် တောင်ပေါ်သို့ သစ်ခုတ်၊ ဝါးခုတ်တက်ရတယ်။ ဟင်းရှာ၊ ထင်းရှာဖို့ တက်ရတယ်။ ဘယ်နေရာမှာ မိုင်းထောင်ထားမှန်း မသိဘူး။ ပြည်သူတွေက တက်မှာပဲ။ စစ်ကောင်စီက ပြည်သူတွေသွားတဲ့နေရာတွေကိုလည်း မရှောင်မရှားထောင်ထားခဲ့ကြတော့ မိုင်းနင်းမိတဲ့ အန္တရာယ်ကတော့ တော်တော်များများ ကြုံတွေ့ရမှာပဲ။ ဒါတွေကို ပြည်သူတွေကိုမသွားမလာရဘူး ပြောပြန်ရင်လည်း ပြည်သူတွေက စားဝတ်နေရေးအခက်အခဲ ဖြစ်မှာပေါ့။ မိုင်းထိတာတွေ လျော့ပါးလာအောင် အသိပညာပေးတွေ လုပ်ဖို့လိုအပ်တာပေါ့” ဟုပြောသည်။
ရခိုင်တွင် သုံးလအတွင်း စစ်ကျန်မိုင်းနှင့် ဗုံးသီးများပေါက်ကွဲမှုသည် ဂွမြို့နယ်အပါအဝင် ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်တွင် စစ်ကျန်လက်နက်များပေါက်ကွဲမှုများ မြင့်တက်လာနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းပေးရန်လည်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။
တစ်ဘက်တွင်လည်း AA သိမ်းပိုက်ရရှိထားသည့်မြို့နယ်များတွင် AA က အဆိုပါစစ်ကျန်လက်နက်များကို အင်တိုက်အားတိုက် ရှင်းလင်းပေးလျက်ရှိသည်။