ယနေ့ နံနက် ၆ နာရီအထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၇၇ ကြိမ်ရှိ

By Western News / 2025 March 29

ယမန်နေ့ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မတ်လ ၂၉ ရက် နံနက် ၆ နာရီအချိန်အထိ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ၇၇ ကြိမ်အထိရှိခဲ့ကြောင်း ထိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

နောက်ဆက်တွဲ ငလျင်ငယ်များမှာ အားပျော့၍ ပြည်သူလူထုများအနေဖြင့် သိရှိခံစားရမည်မဟုတ်ကြောင်း ထိုးမိုး/ဇလက ပြောသည်။

ယမန်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မြန်မာနိုင်ငံထဲက မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းတို့တွင် ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု အလွန်များပြားပြီး ထိုင်းနိုင်ငံထဲတွင် ဘန်ကောက်မြို့ထဲက ဆောက်လက်စ အထပ်မြင့် အဆောက်အဦးတစ်ခု ပြိုကျပျက်စီးခဲ့သည်။

ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု များပြားသော မြန်မာနိုင်ငံအား ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စင်္ကာပူအပါအဝင် နိုင်ငံတကာများက ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ငလျင်ကြောင့် မြန်မာနိုင်ငံထဲက အလယ်ပိုင်းဒေသနှင့် ထိုင်းမှာဆိုလျှင် ဘန်ကောက်ဧရိယာကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာထားကြသည်။

နောက်ဆက်တွဲ ငလျင်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် အထူးသတိထား နေထိုင်သွားလာကြရန် တာဝန်ရှိအဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ပြောဆိုထားကြသည်။

https://www.facebook.com/westernnewsagency/posts/pfbid0uktDoye7FErwVxMFBWhWCsuGsbYXwDQqxhvnVGG4U9NNPamMGuEBanQ3siL2vCrol

Leave a Reply

Your email address will not be published.