By Narinjara / 2025 March 29

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်လက်ကျန်ဗုံးသီးတစ်လုံးအား ဓားဖြင့်ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပြီး လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ မောင်တောမြို့နယ်၊ ချရားတန်းကျေးရွာမှ အသက်(၂၀)အရွယ် မြိုလူငယ် ကိုမာန်ကောက်နှင့် အသက်(၁၅)နှစ်အရွယ် ရခိုင်လူငယ် မောင်နေလင်းဟိန်းတို့ ဖြစ်သည်ဟု သိရသည်။
ချရားတန်းကျေးရွာတွင် ယမန်နေ့ မတ်လ ၂၈ ရက်၊ ညနေ ၅ နာရီခန့်က ရွာအပြင်တွင် ကျရောက်နေသော စစ်လက်ကျန်ဗုံးသီးတစ်လုံးကို မြိုလူငယ် ကိုမာန်ကောက်က ကောက်ယူလာပြီး မောင်နေလင်းဟိန်းနှင့်အတူ ဓားဖြင့်စမ်းသပ်ထုခွဲကြရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ကိုမာန်ကောက်၏ နားနှစ်ဖက်မှာ အကြားအာရုံချို့ယွင်းသွားခဲ့ပြီး မောင်နေလင်းဟိန်း၏ ဘယ်ဖက် လက်ချောင်းများတွင်လည်း ပွန်းပဲ့ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာတွင် စစ်ကျန်ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ လူငယ်တစ်ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းကလည်း တောင်ကုတ်၊ ပေါက်တော၊ ဂွစသည့်မြို့နယ်များတွင် စစ်ကျန်ဗုံးသီးများကို ထုခွဲကစား၍ လူငယ်အချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်မှမြို့နယ်များတွင် အသက်အန္တရာယ်ထိခိုက်စေသော စစ်လက်ကျန်ပစ္စည်းများနှင့် မိုင်းများကြောင့် ဒေသခံပြည်သူများမှာ နေ့စဉ်ရက်ဆက်ဆိုသလို ထိခိုက်သေဆုံးမှုမြင့် တက်နေသည်ဟု သိရသည်။