By Narinjara / 2025 March 31

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် လူ၁၇ဦး သေဆုံးပြီး၃၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၈၃ဦး ပျောက်ဆုံးနေကြောင်း Erawan Medical Emergency Centre ကို ကိုးကားပြီး ထိုင်းသတင်းဌာနThai PBS World တွင်မတ်လ၃၀ရက်နေ့တွင်ဖော်ပြထားသည်။
ပြိုကျခဲ့သည့်ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အအုံတွင်ဆောက်လုပ်ရေးလုပ်သားများသေဆုံးခဲ့ခြင်း ဖြစ်ပြီး တစ်ဦးမှာဆေးရုံရောက်မှ သေဆုံးခဲ့ကြောင်းသတင်းက ဆိုသည်။
ရုံးဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အပျက်အစီးများအောက်တွင်ပိတ်မိနေသောရုပ်အလောင်းများကိုရှာဖွေတွေ့ရှိထားပြီးအလောင်းများကိုဆယ်ယူရန်ကယ်ဆယ်ရေးလုပ်သားများကြိုးပမ်းနေဆဲဖြစ်ကြောင်းအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌThanes Weerasiri မတ်လ၃၀ရက်နေ့ နံနက်ပိုင်းတွင်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်၊ကျဒူးကျတ်နယ်မြေ၊ကမ်ဖိုင်ဖစ်လမ်း၂ရှိဆောက်လက်စအထပ်၃၀တိုက်ပြိုကျမှုမှာပျောက်ဆုံးနေသူတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ရှာဖွေနေခြင်းဖြစ်ကြောင်းThai PBS World တွင်ဖော်ပြထားသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်အဆိုပါဆောက်လက်စတိုက်ပြိုကျသွားခဲ့တာဖြစ်ပြီးရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း၄၈နာရီပြည့်သွားပြီဖြစ်သော်လည်းစမ်းသပ်ကိရိယာမှအသက်ရှင်သူရှိကြောင်းအချက်ပြနေကြောင်း၊ထို့ကြောင့်မျှော်လင့်ချက်အပြည့်ဖြင့်မရပ်မနားဆက်တိုက်ရှာဖွေနေကြောင်းဘန်ကောက်မြို့တော်ဝန်နိုင်းချချတ်ဆစ်ထိဖန်းမှသတင်းထောက်များကိုပြောဆိုထားသည်။
ပျောက်ဆုံးနေသူများကိုဌာနဆိုင်ရာ၊ပုဂ္ဂလိကကုမ္ပဏီနှင့်လူမှုကူညီရေးအဖွဲ့မှစေတနာ့ဝန်ထမ်းများမှပူးပေါင်းရှာဖွေနေသကဲ့သို့ထိုင်းရဲတပ်ဖွဲ့၏K9 တပ်အနံ့ခံခွေးလိမ္မာများဖြင့်ရှာဖွေနေကြောင်းသိရသည်။