By Narinjara / 2025 March 31

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ရှိ ဆူးပတောင်းရွာကို တပ်မ (၉၉)က ဝင်ရောက်စီးနင်းပြီး နေအိမ်များကိုမွှေနှောက်ကာ ရွာသားများကို စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ယမန်နေ့ မတ်လ ၃၀ ရက်၊ ညနေပိုင်းက တပ်မ (၉၉)စစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး နေအိမ်များပေါ်သို့တက်ရောက်ကာ မွှေနှောက်ရှာဖွေခဲ့ကြသလို ရွာသားများအား စစ်ဆေးနေသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“အဓိက သူတို့က လက်နက်တွေရှိမရှိစစ်ဆေးတာပေါ့နော်။ ပဒါန်းမြို့အဝင်ဂိတ် နတ်ရေစင်ဆီဆိုင်ဂိတ်က မနက်ပိုင်းမှာ တိုက်ခိုက်ခံရတယ်။ ညပိုင်းမှာ ဒီရွာကို တပ်မ (၉၉)စစ်ကြောင်းကဝင်လာပြီး ဝင်ရောက်စစ်ဆေးတာ”ဟု ပြောသည်။
ပဒါန်းမြို့ရှိ ဒေသအခေါ် နတ်ရေကန်ဆီဆိုင်ဂိတ်ဟုခေါ်သည့် စစ်ကောင်စီ၏မြို့ဝင်ဂိတ်ကို ယမန်နေ့ မတ်လ ၃၀ ရက်၊ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့သည့်အတွက် ယခုကဲ့သို့ ကျေးရွာတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။
တပ်မ (၉၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မတ်လ ၃၁ ရက်နေ့ထိ အဆိုပါရွာတွင် လုံခြုံရေးယူကာ မသင်္ကာသည့် ရွာသားတချို့ကို ဖမ်းဆီးမှုများလည်းရှိနေသည်ဟု ပဒါန်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ရွာသားတွေကိုလည်း ရိုက်နက်ပြီး စစ်ဆေးတာတွေရှိနေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီးစစ်ဆေးတာ” ဟုပြောသည်။
ဆူးပတောင်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး အရှိုချင်းများ အများဆုံးနေထိုင်ကြောင်း သိရသည်။
တပ်မ (၉၉)စစ်ကြောင်းသည် ပဒါန်းရှိ ဆုံကုန်းအမြောက်တပ်၏ တမိုင်ခန့်အကွာပတ်ဝန်းကျင် ကျေးရွာများ အနီးအနားဝန်းကျင်တွင် စစ်ကြောင်းထိုးနေထိုင်ကြောင်း သိရသည်။
ယင်းအပြင် ပဒါန်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄)အတွင်းသို့လည်း မကွေးဖက်မှ စစ်အင်အားလက်နက်အင်အား၊ရိက္ခာများလည်း အများအပြားဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။