ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့ မြန်မာပြည်ဝင်ခွင့်မရ

By Narinjara / 2025 March 30

အဖွဲ့ဝင် ၁၂၆ ဦးပါ ထိုင်ဝမ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီက ပြည်ဝင်ခွင့် ခွင့်ပြုချက် မပေးတဲ့ အတွက် မြန်မာပြည်သို့ လာရောက်ကူညီမဲ့ အစီအစဉ်ကို ထိုင်ဝမ်က လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

ရှာဖွေရေးဝန်ထမ်း ၁၂၆ ယောက်၊ ရှာဖွေရေးခွေးခြောက်ကောင်နဲ့ အထူးပြုစက်ပစ္စည်း ၁၅ တန်တို့ နဲ့ အတူ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီးမှ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ခွင့်ပြုချက် မရခဲ့ဘူးလို့ သိရပါတယ်။

ခွင့်ပြုချက်ရဖို့ မတ်လ ၂၉ ရက်ကနေ ၃၀ ရက်နေ့အထိ စောင့်ဆိုင်းနေခဲ့တယ်လို့ The Online Citizen (TOC)မှာ သတင်းဖော်ပြပါတယ်။

ငလျင် တုံ့ပြန်မှုအနေနဲ့ ထိုင်ဝမ်အမျိုးသားမီးသတ်အေဂျင်စီ (NFA) ဟာ ကယ်ဆယ်ရေးပြင်ဆင်မှုတွေ ကို လျင်မြန်စွာစတင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ပြည်ဝင်ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။

လေဆိပ်မှာ ၄၈ နာရီကြာ ပြည်ဝင်ခွင့်ရရန်စောင့်ဆိုင်းနေပြီးနောက် ပြည်ဝင်ခွင့်မရတဲ့အတွက် အခုလို လက်လျော့လိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံထားပြီး ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်မပြုရာကနေ အခုလို လူသားချင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဝင်ရောက်လုပ်ဆောင်ရွက်ဖို့ ခွင့်မပြုတာလို့သိရပါတယ်။ ။

ထိုင်ဝမ် ကြက်ခြေနီအသင်းဟာ ငလျင်အပြီး မြန်မာနိုင် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကူညီထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။ ဒီငွေတွေကို မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) တို့ကနေ တစ်ဆင့် ပံ့ပိုးကူညီသွားမှာ ဖြစ်တယ်လို့ ထိုင်ဝမ်ကြက်ခြေနီအဖွဲ့မှ ထုတ်ပြန်ပါတယ်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က မန္တလေးအနီးမှာ မတ်လ ၂၈ ရက် သောကြာနေ့က လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဟာ ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိတယ်လို့ မှတ်တမ်းတင်ခဲ့ပြီး ထိုင်းမိုးလေဝသဌာနကတော့ ပြင်းအား ၈.၂ အဆင့်ရှိ ငလျင်အဖြစ် မှတ်တမ်းတင်ထားတယ်လို့ TOC သတင်းမှာဖော်ပြထားပါတယ်။

https://www.facebook.com/narinjara.info/posts/pfbid02PrdpyZd5myU25mMraXr4BURrf6V3PYoFLL16SGuGQTXgKrGJdAQgUXGFxXRZjGqMl

Leave a Reply

Your email address will not be published.