By Narinjara / 2025 March 31

မြန်မာတစ်နိုင်ငံလုံး ငလျင်ဒဏ်သင့်ပြီး ဝမ်းနည်းပူဆွေးနေရချိန် စစ်ကောင်စီက ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါရွာကို ယမန်နေ့ မတ်လ ၃၀ ရက်၊ ညနေ ၇ နာရီကျော်ခန့်တွင် စစ်ကောင်စီက ဒရုန်းတစ်စီးအသုံးပြုကာ ဒရော့ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ဒရော့ဗုံးသီးကြဲချမှုကြောင့် ကုလဘာရွာအနောက်ဘက်ရှိ ဦးမောင်ဝင်း၏ နေအိမ်နှင့်ကပ်လျက်ရှိသည့် တီဗွီဆိုင်ခန်းတွင် ကျရောက်ပေါက်ကွဲကာ ၎င်းဆိုင်ခန်းတစ်ခုလုံး ပြိုကျပျက်စီးသွားသလို နေအိမ်ပြတင်းပေါက်မှန်တို့လည်း ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲနှင့် မသက်ဆိုင်သည့် နေအိမ်၊ သာသနာ့အဆောက်အဦ၊ စာသင်ကျောင်းအစရှိသည်တို့ကို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပြည်သူများက တော်လှန်ရေးတပ်ဖွဲ့များကို နားကျည်းလာအောင်လုပ်ဆောင်သည့် သဘောသက်ရောက်နေကြောင်းလည်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
“သဘောကတော့ လက်နက်ဒဏ်ခံရတဲ့ပြည်သူတွေက အေအေတွေရှိလို့ ငါတို့ဒီလိုအဖြစ်ဆိုးကြုံရတယ်ဆိုတဲ့ အတွေးအမြင်ဖြစ်လာအောင် သွယ်ဝှိုက်ပြီး ဖန်တီးလိုက်တဲ့သဘော။ အေအေမရှိရင် အေးချမ်းမယ်။ လက်ခံထားရင် ဒီလိုဖြစ်မယ်။ ဆက်သွယ်ထားရင် ဒီလိုကြုံရမယ်လို့ အေအေကို ထောက်ခံမှုချည့်နဲ့လာအောင် ပြည်သူတွေရဲ့စိတ်ကို သွေးခွဲလိုက်တာပါပဲ။ တကယ်တော့ အဲဒီအယူအဆက လုံးဝမှားတယ်” ဟု ပြောသည်။
ကုလာဘာရွာကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်၊ ညနေ ၃ နာရီကျော်ခန့်ကလည်း စစ်ကောင်စီက ဒရုန်းတစ်စီးဖြင့် ဒရော့ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ ဦးမောင်ကျော်စိန်ဆိုသူ၏ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားပြီး ၎င်းနေအိမ်ရှေ့တွင် ရပ်ထားသည့် ကားတစ်စီးမှာလည်း ပျက်စီးသွားကြောင်း သိရသည်။