စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကျောက်ဖြူ ဇင်ချောင်းကုန်ဘွေရွာမှာ ရဟန်းတစ်ပါး ပျံလွန်ပြီး အရပ်သားတစ်ယောက်သေ(ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ကိုယ်ရင်ငယ်တစ်ပါးအပါအဝင် ခုနစ်ယောက်ဒဏ်ရာရ)

By Narinjara / 2025 March 31

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကောင်စီနေဗီက လက်နက်ကြီးကျည်ဖြင့်ပစ်ခတ်၍ ရဟန်းတစ်ပါးပျံလွန်တော်မူပြီး အရပ်သားတစ်ဦးသေဆုံးကာ ကျောင်းထိုင်ဆရာတော်ကြီးနှင့် ကိုယ်ရင်ငယ်တို့အပါအဝင် ခုနစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ပျံလွန်တော်မူသွားသည့် ရဟန်းတော်မှာ အဆိုပါကျေးရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဦးအာဒိစ္စ သက်တော် (၃၂) နှစ် (ဝါတော် ၄ ဝါ)နှင့် ယင်းရွာမှ ဦးဘဂျမ်း (၃၀) နှစ်တို့ဖြစ်သည်။

ဒဏ်ရာရသွားသူများမှာ ကျောင်းထိုင်ဆရာတော် ဦးဇနိတ သက်တော် (၇၄) နှစ် (ဝါတော် ၅၄ ဝါ)၊ ကိုယ်ရင် ဓမ္မာနန္ဒ သက်တော် (၁၂) နှစ်၊ ဒေါ်ဖြိုးဖြိုးဝင်း (၃၁)နှစ်၊ ဒေါ်သိန်းဟန်နု (၅၅) နှစ်၊ ဦးမောင်ထွန်းမြ (၄၅) နှစ်၊ ဒေါ်သန်းသန်းအေး (၅၀) နှစ်နှင့် မခင်မြအေး (၁၆) နှစ်တို့ဖြစ်ကြသည်။

ယနေ့ မတ်လ ၃၁ ရက်၊ နံနက် ၉ နာရီကျော်တွင် ကျောက်ဖြူမြို့နယ်၊ ဝါးနက်ချွိန်ရွာအနီး ပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီတစ်စီးက အဆိုပါရွာကို လက်နက်ကြီးကျည်သုံးလုံးဖြင့်ပစ်ခတ်ခဲ့ရာ ရွာထဲတွင်တစ်လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်တစ်လုံးနှင့် အောင်မင်္ဂလာရပ်ကွက်တွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့မနက် ကိုးနာရီကျော်လောက်က ပစ်တာ။ ရဟန်းတော်တစ်ပါးပျံလွန်တော်မူတယ်။ ရွာထဲက သေသွားတဲ့သူဆိုရင်လည်း ခါးကနေ ပြတ်ထွက်သွားပါတယ်။ နောက်ထပ်လည်း ခုနစ်ယောက် ဒဏ်ရာရသွားပါတယ်”ဟု ပြောသည်။

ပျံလွန်တော်မူသွားသည့် ရဟန်းတော် ဦးအာဒိစ္စ၏ ခန္ဓာကိုယ်‌အောက်ပိုင်းတွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ဆေးကုသမှုခံယူနိုင်ရန် အရေးပေါ်ပို့ဆောင်စဉ် လမ်းတွင် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။

အလားတူ ဦးဘဂျမ်းတွင်လည်း လက်နက်ကြီးကျည်စထိမှန်၍ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပြတ်ထွက်သွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

နောက်ထပ် ဒဏ်ရာရသူ ခုနစ်ဦးအနက် ကျောင်းထိုင်ဆရာတော် ဦးဇနိတ၊ ကိုယ်ရင် ဓမ္မာနန္ဒ၊ ဒေါ်ဖြိုးဖြိုးဝင်းနှင့် ဒေါ်သိန်းနုဟန်တို့တွင် ဒဏ်ရာပြင်းထန်သည်ဟုလည်း သိရသည်။

ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ရွာထဲရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ယမန်နေ့ မတ်လ ၃၀ ရက်၊ ညနေ ၇ နာရီကျော်ခန့်ကလည်း စစ်ကောင်စီက ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာကို ဒရုန်းတစ်စီးဖြင့် ဒရော့ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ပျက်စီးသွားခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ငလျင်ဒဏ်ကြောင့် ဝမ်းနည်းပူဆွေးနေရချိန်တွင် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/pfbid0a5YBh4yhKj1WaJ9UL5JXGrNwCg7N3SRHhddrYdtMvehKL1u7NyN2CE2NaM7QywiFl

Leave a Reply

Your email address will not be published.