စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် ပြင်းထန်ငလျင်ဒဏ်သင့်နေရာတွေကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာ

By Narinjara / 2025 March 28

စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် ပြင်းထန်ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီလို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ဒီကနေ့ မတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့တဲ့နေရာတွေကတော့ ပြင်းထန်ငလျင်ဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်”လို့လည်း ဖော်ပြထားပါတယ်။

ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်မှာ မန္တလေးမြေငလျင်စခန်းက အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးတဲ့ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၂ဝ ကီလိုမီတာလောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ဝ၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁ဝ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/narinjara.info/posts/pfbid02QjdMB31crPzCJ1jKi4b4fChA9H7aMoC9V4UQMUMbsQFnz9j7zRUCD5CLvipT85fFl

Leave a Reply

Your email address will not be published.