စစ်ကိုင်းက ယဉ်ကျေးလိမ္မာကျောင်းမှာ ကလေးများ ရာနှင့်ချီပိတ်မိနေ(ကူညီကယ်ဆယ်ရေး လုပ်မည့်သူမရှိ၍ ကလေးငယ်များအား ယခုအချိန်အထိ မရှာဖွေနိုင်သေး)

By Western News / 2025 March 31

စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်ခြေတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ထားသော လေးကျွန်းမြေအုတ်ကျောင်း ငလျင်ကြောင့် ပြိုကျသွား၍ ကိုရင်များနှင့် ကလေးငယ်များ ရာနှင့်ချီ ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။

လေးကျွန်းမြေအုတ်ကျောင်းမှာ ၃ ထပ်ဆောင်ဖြစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်မည့်သူမရှိ၍ ကလေးငယ်များအား ယခုအချိန်အထိ ရှာဖွေကယ်ဆယ်မှုများ မလုပ်ရသေးဟု စစ်ကိုင်းမြို့ခံများက ပြောသည်။

ကိုရင်ငယ်များနှင့် ကလေးငယ်များ ရာနှင့်ချီ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေချိန် ငလျင်ကြောင့် ကျောင်းပြိုကျသွားခြင်းဖြစ်ပြီး ကလေးငယ် ၆ ဦးမှာ ငလျင်လှုပ်ခတ်ချိန် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်း သိရသည်။

ကျန် ရာနှင့်ချီသော ကလေးငယ်များမှာ ဆက်လက် ပိတ်မိနေကြဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ အမြန်ဆုံးပြုလုပ်ရန် လိုအပ်နေသည်ဟု မြို့ခံများက တောင်းဆိုနေကြသည်။

မတ်လ ၂၈ ရက်နေ့က အင်အား ၇.၇ အဆင့်ရှိ မြေငလျင်မှာ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး ရှမ်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင်လည်း လှုပ်ခတ်ခဲ့သည်။

အဆိုပါ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၃၀၀ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/pfbid0kbMjhbLzsPGttidHSGkkoUdBTeWb2R6qtdjiD8ZrQwSLFSehURieDWNMBfi4g9cFl

Leave a Reply

Your email address will not be published.