ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် သတင်းလာယူခွင့် စစ်ကောင်စီ ပိတ်ပင်

By Western News / 2025 March 31

ငလျင်ဒဏ်ကြောင့် လူများ ထိခိုက်သေဆုံး၊ ပျက်စီးမှု များပြားနေချိန် နိုင်ငံတကာမှ သတင်းမီဒီယာများ လာရောက် သတင်းရယူခွင့်ကို အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ကြောင်း မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

အင်အား ၇.၇ ဖြင့် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားသော ငလျင်အခြေအနေကို နိုင်ငံတကာသတင်းဌာနများက မြန်မာနိုင်ငံတွင်းသို့ လာရောက်ကာ သတင်းရယူခွင့် တောင်းဆိုနေကြခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က ပယ်ချလိုက်ခြင်းဖြစ်သည်။

ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” နိုင်ငံခြား သတင်းထောက်များ လာဖို့ ခွင့်တောင်းတာ ရှိပါတယ်။ နိုင်ငံခြားသတင်းထောက်များအနေနဲ့ ဒီကိုရောက်လာရင်လည်း ကျနော်တို့ တည်းစရာ၊ နေစရာများ အဆင်မပြေပါဘူးခင်ဗျာ။ ဟိုတယ်တော်တော် များများကလည်း ထိခိုက်ပျက်စီးတာရှိတယ်။ လျှပ်စစ်မီးကလည်း တော်တော်များများ နေရာမှာ မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲ ရှိပါတယ်။ အားလုံးကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ လာတာ၊ နေတာ၊ တည်းတာ၊ ခိုတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ အဆင်မပြေနိုင်ပါဘူး။ ဒါလေးကိုတော့ အားလုံးသိရှိထားစေလိုပါတယ်” ဟု ပြောသည်။

လက်ရှိအခြေအနေအရ ရေ၊ လျှပ်စစ်မီးနှင့် ဟိုတယ်များမရှိသောကြောင့်ဟု ဆိုကာ နိုင်ငံတကာမှသတင်းထောက်များ၏ တောင်းဆိုမှုကို စစ်ကောင်စီဘက်က ပယ်ချလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ထိုကဲ့သို့အကြောင်းပြန်ကြားချက်အပေါ် နိုင်ငံတကာမှ သတင်းထောက်တစ်ဦးက ” စစ်ပွဲတွေ၊ ဘေးအန္တရာယ်တွေကြားမှာ သတင်းရယူပြီး သတင်းတင်ဆက်နေကြတဲ့ သတင်းသမားတွေကို စစ်ကောင်စီဘက်က အကြောင်းပြချက်ပေးတဲ့ အချက်တွေအပေါ်ကို နားမလည်နိုင်အောင်ဖြစ်မိတယ်။ ကျွန်တော်တို့ သတင်းသမားတွေက အဲ့လိုကိစ္စတွေကို ဂရုမစိုက်ပါဘူး။ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကိုပဲ ကမ္ဘာကို တင်ပြနိုင်ဖို့ပဲ အရေးကြီးပါတယ်” ဟု မှတ်ချက်ပေးသည်။

မတ်လ ၃၀ ရက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀၊ ဒဏ်ရာရရှိသူ ၃၄၀၀ နှင့် ပျောက်ဆုံးနေသူ ၃၀၀ ရှိကြောင်း နောက်ထပ် ပိတ်မိနေသူများ ပျောက်ဆုံးနေသူများ အများအပြားရှိနေသည်။

မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်အပြီး ၂ ရက် (၄၈နာရီ) အကြာ မတ်လ ၃၀ ရက်နေ့တွင် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်နေဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/pfbid026yEJQs61ghbuFTUEQFFoFjcEDZL9ivUrg8PRRvUdJrYgf1hFm9QhkEKLhrDPBXgMl

Leave a Reply

Your email address will not be published.