ငလျင်ကြောင့် ပြည်သူထောင်နဲ့ချီသေဆုံးပြီး တစ်နိုင်လုံးဝမ်းနည်းပူးဆွေးသောက ရောက်နေရချိန်မှာ စစ်ကောင်စီက ဗုံးကြဲမှုတွေကို ဆက်လက်ပြုလုပ်

By Narinjara / 2025 March 29

မြန်မာနိုင်ငံတွင် ငလျင်လှုပ်သောကြောင့် ပြည်သူ ထောင်နှင့်ချီသေဆုံးပြီး တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေး ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီသည် နေရာဒေအချို့ကို ထပ်မံ ဗုံကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာတွင်အင်အားပြင်းငလျင်လှုပ်ခတ်အပြီး စစ်ကောင်စီကအရေးပေါ်အခြေအနေ ကြေညာခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်၊ ပဲခူးတိုင်း ၊ဖြူမြို့နယ်တို့တွင် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၂၈ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် နောင်လင်ရွာကို မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊  ထိုသို့ ဗုံးကြဲခဲ့သောကြောင့် ဓနုတော်လှန်ရေးတပ်ဖွဲ့ (DPLA) မှ  တပ်ဖွဲ့ ရဲမေ ၆ ဦးနှင့် ရဲဘော် ၁ ဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့တာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဗုံးကြဲခံရသည့်နေရာသည် တိုက်ပွဲဖြစ်ပွားနေသည့် တောင်ခမ်းနှင့် မိုင် ၂၀ ကွာဝေးသော နေရာဖြစ်ကြောင်း သိရှိသည်။

အလားတူ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကံကြီးကျေးရွာအနီးကို လည်း လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်သွားခဲ့သည်ဟု သိရသည်။

၎င်းအပြင်စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ် အရှေ့ခြမ်းကိုလည်းငလျင်လှုပ်ခတ်အပြီးတွင် လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

လှုပ်ခတ်သည့် အင်အားပြင်းငလျင်ကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန် စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂၈ရက်ည ၇နာရီဝန်းကျင်တွင် နှစ်ကြိမ်လာကြဲခဲ့ခြင်းဖြစ်ပြီး  ပြည်သူထိခိုက်မှုတော့ မရှိခဲ့ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက “ ဘုရားပုထိုးတွေပျက်လူတွေသေ နေရတဲ့အထဲ ဗုံးပါထပ်ကြဲတာ ဘယ်လောက် ရက်စက်အောက်တန်းကျသလဲဆိုတာ သိသာပါတယ်။ကျွန်တော်တို့ စစ်ကိုင်းကငလျင် ဒဏ်လည်း တော်တော်ခံရပါတယ်။ စိတ်ဓာတ်တွေကျတယ်။ မပြောချင်တော့ပါဘူးဗျာ” ဟုပြောသည်။

ထို့အတူစစ်ကောင်စီသည် ပဲခူးတိုင်း ၊ဖြူမြို့နယ်ထဲရှိ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာများကိုလည်း မြေငလျင်လှုပ်ပြီး နာရီပိုင်းအကြာညနေ ၃နာရီခန့်တွင် လေကြောင်းကနေ ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည်အင်အားပြင်းငလျင်လှုပ်ခတ်အပြီး စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် ဒေသခြောက်ခုအနက်က စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ဒေသသုံးခုရှိ မြို့နယ်များကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ငလျင်ဒဏ်ခံရသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အရေးပေါ်အခြေအနေ ကြေညာထားခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/pfbid0PDViihqf6C6hTsAGKibDvQUNucVasrf9McVyrWJcZbk9pRneD9oTMwiB9wyxd93Hl

Leave a Reply

Your email address will not be published.