ငလျင်ကြောင့် ဒဏ်ရာရပြည်သူများ လားရှိုးမြို့သို့ လာရောက် အခမဲ့ ဆေးကုသနိုင်ကြောင်း MNDAA ပြော

By Western News / 2025 March 29

ငလျင်ဘေးသင့် ဒဏ်ရာရပြည်သူလူထုများအနေဖြင့် MNDAA ၏ ထိန်းချုပ်ဒေသ လားရှိုးမြို့ ကျန်းမာရေးဌာနသို့ လာရောက် အခမဲ့ဆေးကုသမှု ခံယူနိုင်ကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းသော ငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် ဆက်စပ်ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိကြောင်း မြေပြင်သတင်းများအရ သိရသည်ဟု MNDAA က ဖော်ပြထားသည်။

မန္တလေးမြို့၊ စစ်ကိုင်းနှင့် ဆက်စပ်ဒေသများမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနေဖြင့် လားရှိုးမြို့ကျန်းမာရေးဌာနသို့ လာရောက် ဆေးကုသမှုခံယူပါက လူသားချင်းစာနာထောက်ထားမှု ပြည့်ဝစွာဖြင့် အခမဲ့ ကုသပေးမည်ဟု MNDAA က ပြောသည်။

ငလျင်ဒဏ်သင့် ဒေသများမှ လူနာများအား ကူညီကယ်ဆယ်ရန် အထူးဒေသ (၁) ကျန်းမာရေးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

လူအင်အား၊ ဆေးပစ္စည်းများနှင့် သယ်သူပို့ဆောင်ရေးယာဉ်များကိုလည်း အဆင်သင့်ပြင်ဆင်ထားရှိကြောင်း MNDAA က အရေးပေါ်ကြေညာအဖြစ် သတင်းထုတ်ပြန် ထားသည်။

ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၂၄၀၀ ခန့်ရှိကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း အဆောက်အဦး ၃၀၀၀ နီးပါးနှင့် တံတား ၇ စင်း၊ လမ်းပေါင်း ၃၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/pfbid0TFkYqRkESkQUZdNVicUEmdWMDh89LDLvh1jtRzSPDKncW3v9TCMN39XopZcazhJAl

Leave a Reply

Your email address will not be published.