ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါ်က ပြိုင်းစေ့ကေရွာအနီး AA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်

By Narinjara / 2025 March 27

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါ်ရှိ ပြိုင်းစေ့ကေရွာအနီးတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူ-ရမ်းဗြဲ-ရန်ကုန်သို့သွားသည့်လမ်းမပေါ်ရှိ အမှတ် (၃၂)ရဲတပ်ရင်းနှင့် အနီးဆုံးဖြစ်သည့် ပြိုင်းစေ့ကေရွာအနီးတွင် ယနေ့ မတ် ၂၇ ရက်၊ နံနက်ပိုင်းမှစ၍ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့ တိုက်ပွဲပြင်းနေခြင်းဖြစ်သည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“အင်အား ၂၀၀ လောက် ရဲတပ်ရင်းကနေ စစ်ကြောင်းထိုးတက်လာတာ။ ကိုယ့်ဖက်ကလည်း တက်၊ သူဖက်ကလည်းတက်တော့ ထိတွေ့တိုက်ပွဲဖြစ်တာ။ မနက်ကနေ အခုညနေ ၃ နာရီအထိ ပြင်းတုန်း”ဟု မတ်လ ၂၇ ရက်တွင် ပြောသည်။

တိုက်ပွဲအတွင်း အဆိုပါစစ်ကြောင်းကို ဦးဆောင်လာသည့် အမှတ်(၃၂)ရဲတပ်ရင်းမှ ဗိုလ်အဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရမှုများရှိနေပြီး ကျောက်ဖြူမြို့ဆေးရုံသို့ယူဆောင်သွားသည်ဟု ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“အရင်ဆုံး (၃၂)ဆီ ကားနဲ့သယ်တယ်။ ပြီးရင် ကျောက်ဖြူမြို့ဆေးရုံကိုပို့နေတယ်။ ဗိုလ်အဆင့်တွေ ဒဏ်ရာရတယ်”ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် AA ၏ ထိုးစစ်မှာ ယမန်နေ့ မတ်လ ၂၆ ရက်အထိ အမှတ်(၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်အကွာသို့ ရောက်ရှိနေပြီဟု သိရသည်။

အမှတ်(၃၂)ရဲတပ်ရင်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်၊ နေ့လယ်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/pfbid02m6JEg5T7TNWkkPV3uKWrwfYQoqL81ZQXBykfpdRF7msiydG1KWUKTNGgQA2Pn6dNl

Leave a Reply

Your email address will not be published.