ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရမှု ဗိုလ်မှူးတစ်ယောက်အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး

By Narinjara / 2025 March 25

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းတွင် လမ်းကင်းထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း မတ်လ ၂၅ ရက်တွင် ဒူရကစစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာအကြား ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒူရကစစ်ကြောင်း၏ ရဲဘော်များက ယမန်နေ့ မတ်လ ၂၄ ရက်၊ နံနက် ၉ နာရီခန့်က ကြားဖြတ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထိုတိုက်ခိုက်မှုတွင် ဗိုလ်မှူးအဆင့်(၁)ဦးအပါအဝင် စစ်ကောင်စီတပ်သား(၂၀)နှင့်အထက် သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကာ RPG 7 (၁) လက်၊ MA4 (၁) လက်၊ MA3 (၁) လက်၊ MA1 (၂) လက်နှင့် ဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန်ဖြစ်၍ စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်လည်း ဒူရကစစ်ကြောင်းက တိုက်တွန်း အသိပေးထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့် မိဘပြည်သူများအနေနှင့် လေကြောင်းရန်ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံကြရန်လည်း တိုက်တွန်းထားသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသောစစ်ကောင်စီက စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြရန်လည်း တိုက်တွန်းဖိတ်ခေါ်ထားသည်။

https://www.facebook.com/narinjara.info/posts/pfbid09FvRRZdSvmdht6YE67b9Gs5j3H6TffxbPruS66LLi7kVAtdqzumNsoZxBuKsV2o3l

Leave a Reply

Your email address will not be published.