ရခိုင်ရေပိုင်နက်အတွင်း ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို AA က ပြန်လွှဲပြောင်းပေး

By Western News / 2025 February 27

ရခိုင်ရေပိုင်နက် နတ်မြစ်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အာရက္ခတပ်တော် AA က ဖမ်းဆီးစစ်ဆေးနေပြီး ပြန်လွတ်ပေးမှုများလည်း ရှိနေသည်။ ပြီခဲ့သည့် ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှဲပြောင်းပေးလာသည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဖော်ပြသည်။ အာရက္ခတပ်တော် AA က Teknaf ရှိ Shah Porir Dwip ၏ ဆိပ်ခံတံတားမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ထံ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ “AA က ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရေလုပ်သား ၂၉ ဦးကို နတ်မြစ်အတွင်း ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့ရဲ့ကျန်းမာရေးကို စစ်ဆေးပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ အပြီးမှာ သူတို့ရဲ့ မိသားစုတွေကို လွှဲပြောင်းပေးမှာပါ” ဟု Teknaf Upazila Nirbahi အရာရှိ Sheikh Ehsan Uddin က ပြောသည်။ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် BGB က အာရက္ခတပ်တော် AA နှင့် ကြိုးပမ်းညှိနှိုင်းခဲ့ကြောင်းလည်း သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၂၀ ရက်တို့တွင် ရခိုင်ရေပိုင်နက်အတွင်း ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရခိုင်ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မကြာခဏ ငါးဖမ်းလေ့ရှိပြီး အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း လိုက်လံဖမ်းဆီး စစ်ဆေးနေကြောင်းလည်း သိရသည်။

https://www.facebook.com/westernnewsagency/posts/pfbid02LpMkwsa1su4ijf77akTtYQicmLxyuoTFZ7vn37aBZ2EENuaWML9xs6uAxyNsojVyl

Leave a Reply

Your email address will not be published.