မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် AA နှင့် ဆွေးနွေးရန်လိုအပ်ဟု ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ပြော

By Western News / 2025 March 17

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အာရက္ခတပ်တော် AA နှင့် တွေ့ဆုံဆွေးနွေး စကားပြောရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေပြီး မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အပြန် မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “အာရက္ခတပ်တော် ဟာ သီးခြားအဖွဲ့ဖြစ်တာကြောင့် မွတ်ဆလင်တွေရဲ့ နေရပြန်ရေးနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် AA နဲ့ စကားပြောဖို့လို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ မွတ်ဆလင်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိသော နေရပ်ပြန်နိုင်ရေး ဖြစ်စေရန်အတွက် အာရက္ခတပ်တော် AA နှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရန် အရေးကြီးကြောင်းလည်း ဆိုသည်။ အာရက္ခတပ်တော် AA သည် ဘူးသီးတောင်၊ မောင်တော ဒေသအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုအထိကို သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေး လွယ်ကူချော့မွေ့စေရန် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA ကို စည်းရုံးရမည်ဟု ကုလအကြီးအကဲ ဂူတာရက်စ်က တိုက်တွန်းထားသည်။ “တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ အခြေအနေတစ်ရပ် ဖန်တီးရမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတစ်ဆင့် အကူအညီတွေ ပေးနိုင်ပါတယ်လို့ ထင်တယ်” ဟု ပြောသည်။ လက်ရှိလို အပ်နေသော ရခိုင်ပြည်အတွင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် မွတ်ဆလင်များ နေရပ်ပြန်နိုင်ခဲ့ပါက လူသားချင်းစာနာထောက်ထားမှုများ ပေးအပ်နိုင်ရန် ကုလအကြီးအကဲက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက်လည်း အိမ်နီးနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ကူညီပေးကြရန် ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုခဲ့သည်။ အာရက္ခတပ်တော် AA ဘက်ကမူ မွတ်ဆလင်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ရှင်းလင်းသော ဖြေရှင်းချက်များကို ထုတ်ဖော်ထားခြင်းမရှိသေးပေ။ ဘင်္ဂလားဒေ့ရှ် အစိုးရကမူ မွတ်ဆလင်ဒုက္ခသည်များ လာမည့် ၂၀၂၆ နှစ်အတွင်း မိမိနေရပ် ရခိုင်ပြည်သို့ ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ယခုရက်ပိုင်းအတွင်း ကတိပေး ပြောဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/pfbid02AsjFjnZz5z8H1CEvQNsU8Muz54f43NpD7QbBzbsgpojKaxK67HiupZDBua6XCsVLl

Leave a Reply

Your email address will not be published.