By Narinjara / 2025 March 25

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ပခန်းမြို့သို့လာသည့် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးနှစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
ပခုက္ကူ မြို့မှ ပခန်းမြို့သို့ ထွက်လာသည့် အင်အား ၂ဝ ဦးကျော်ပါ ကန့်သတ်ဧရိယာထဲ ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ပေးသည့် ဂျန်ပါတပ်ဆင်ထားသော ရှေ့ပြေးကား တစ်စီးကို မတ်လ ၁၇ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ပခုက္ကူ-ရေစကြိုလမ်းပိုင်းတနေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသေဆုံးသူများတွင် တပ်မ ၁၀၁ မှ တပ်ကြပ်ကြီး နိုင်လင်း၊ ခလရ ၂၃၅ တပ်ရင်းမှ တပ်ကြပ်ကြီးနေဝင်း၊ ခလရ ၂၅၉ တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် မကွေးတိုင်း လှုပ်ရှားရဲတပ်ဖွဲ့မှ ရဲ ၁ဝ ဦးကျော်တို့ပါဝင်ကြောင်း သိရ သည်။
ကျဆုံးသွားသော အလောင်းများကို သက်ဆိုင်ရာတပ်သို့ ပြန်လည်သယ်ဆောင်ပြီး မကွေးတိုင်းလှုပ်ရှားရဲ အလောင်းများကို အနီးရှိ လေယာဉ်ကွင်း ဂိတ်စခန်းအတွင်းသို့ သယ်ဆောင်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲချိန်အတွင်းမှာ ပစ်လွှတ်လိုက်သော တင့်ဖျက်အာပီဂျီအဖူးသည် ကျည်ကာကား ထိပ်တည့်တည့်ကို ဖောက်ဝင်ကာ ပြင်းထန်စွာ ပေါက်ကွဲစေခဲ့သည်။ ကျော်ထွတ်သွားသော ကျည်ကာကားနောက်ဖင်အတွင်းကို ၄၀ မမ အသီး ၃ လုံး ကွက်တိကျအောင် ပစ်ခတ်နိုင်ခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် လက်နက်ငယ်များဖြင့် ကျည်ကာကား၏ ရှေ့ခေါင်းနောက်ဖင်ကို တပြိုင်တည်း ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ကျည်ကာကားကို စီးနိုင်လုနီးပါးအချိန်တွင် Southern YSO ၏ စစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် နောက်သို့ပြန်ဆုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Southern Local တပ်ပေါင်းစု၊ Southern YSO PDF၊ ပြည်သူ့အားမာန် PDF ၊ Yesagyo Revolutin Group(YRG)၊ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ King Cobra၊ ရေစကြိုမြို့နယ် ပလဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။