By Narinjara / 2025 March 19

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပေါ်ရှိ ရိုးပေါ်မှ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အင်အား ၂၀၀ ခန့်ပါ အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့် AA တို့သည် ယမန်နေ့ မတ် ၁၈ ရက်နေ့မှစ၍ မကွေးတိုင်းအပိုင် ဂုတ်ကြီးစခန်းအနီးအနားရှိ ဗစည်ရွာနားနှင့် ဂုတ်ကြီးတောင်ထိပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဗစည်ရွာက နတ်ရေကန်ဗျူဟာကုန်းအောက်မှာရှိတာ။ မကွေးဖက်ကလာရင် နတ်ရေကန်ကိုမရောက်ခင် ဂုတ်ကြီးစခန်းရှိတယ်။ အခုတိုက်ပွဲဖြစ်နေတာက ဗစည်နဲ့ ဂုတ်ကြီးမှာဖြစ်တာ။ ဗစည်နဲ့ ဂုတ်ကြီးက နီးနီးလေး။ အဓိကက နတ်ရေကန်စခန်းတိုက်ပွဲကို စစ်ကောင်စီဖက်က ထိုးစစ်အနေနဲ့တက်လာတာ။ တိုက်ပွဲက ဒီနေ့အထိပြင်းတယ်” ဟု ပြောသည်။
စစ်ကောင်စီဖက်မှလည်း တိုက်ပွဲအတွင်းသို့ ပြည်သူ့စစ်မှုထမ်းများပါဝင်သည့် စစ်ကူအင်အားအလုံးအရင်းကို ထပ်မံဖြည့်တင်းနေသည်ဟု ပဒါန်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“မနေ့ကညကလည်း စစ်ကူ ၂၀၀ လောက်ပို့တယ်။ ဒီနေ့မနက်လည်း စစ်ကူ ၁၀၀ ကျော်ထပ်ပို့တယ်။ ပြည်သူ့စစ်မှုထမ်းအင်အား အရမ်းများတယ်”ဟု ပြောသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို မကွေးဖက်မှပို့နေသည့် စစ်အင်အား ရာနှင့်ချီမှာ လက်ရှိတွင် ဂုတ်ကြီးကျေးရွာဘုန်းကြီးကျောင်း၊ ဂုတ်စည်းစခန်း၊ ဗစည်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် နေရာယူထားကြောင်း သိရသည်။
ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့်စစ်ကြောင်းကို ငဖဲမြို့နယ်မှ စစ်ကောင်စီ၏ ဗိုလ်မှူးသက်ထူးအောင်ဦးဆောင်နေခြင်းဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူများက ပြောသည်။
လက်ရှိတွင် ဂုတ်ကြီးကျေးရွာဒေသခံများမှာ တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရကြောင်း သိရသည်။
AA ဦးဆောင်တိုက်ခိုက်နေသည့် နတ်ရေကန်စခန်းသိမ်းတိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
AA ထိုးစစ် မကွေးအထိရောက်ရှိလာမည်စိုး၍ မကွေးမြို့နယ်၏ အကာအကွယ်စခန်းကြီးတစ်ခုဖြစ်သည့် နတ်ရေကန်ဗျူဟာစခန်း မကျစေရေးအတွက် စစ်ကောင်စီဖက်က ရှိသမျှစစ်အင်အား၊ လက်နက်အင်အားများကို ထုတ်သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။
ဓာတ်ပုံ – AA Info Desk