ညောင်ကျိုးသိမ်းတိုက်ပွဲ AA နှင့် စစ်ကောင်စီ အပြင်းအထန် တိုက်ခိုက်နေ

By Western News / 2025 March 8

ရခိုင်-ပဲခူးကားလမ်း (တောင်ကုတ်-ပန်းတောင်းလမ်း) ရခိုင်ရိုးမခြေဆင်းရှိ ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကို AAနှင့် စစ်ကောင်စီတို့မှာ အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က အင်အား ဖြည့်တင်းနေကြောင်း သိရသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အခိုင်အမာ အထိုင်ချထားသော ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ဖြည့်တင်းနေသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲက ပြင်းသထက် ပြင်းလာနေတယ်။ AA ရဲ့ ထိုးစစ်တိုက်ခိုက်မှုကလည်း မရပ်ဘူး။ စစ်ကောင်စီကလည်း အသည်းအသန် ခုခံနေတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများလို့ လေကြောင်းပစ်ကူတာကို တောက်လျှောက်ပေးနေရတယ်လို့ သိရတယ်။ မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ဖြည့်တင်နေတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA က တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ မိုးထိတောင်ကို သိမ်းပိုက်ပြီးနောက် ညောင်ကျိုးစခန်းကို ဆက်လက်သိမ်းရန် တိုက်ခိုက်နေခြင်းဖြစ်သည်။ AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးသွားကြောင်း သိရသည်။ တိုက်ပွဲများ ပြင်းထန်နေ၍ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၁၃၊ ခမရ ၇၀၁၊ ခမရ ၇၀၂နှင့် ခမရ ၇၀၃ တပ်ရင်းလေးရင်း ရှိသည့်အနက် သုံးရင်းကို ညောင်ကျိုးသို့ အင်အားဖြည့်ပို့ဆောင်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။စစ်ကောင်စီ၏ ညောင်ကျိုး တပ်စခန်းမှာ ညောင်ခြေထောက် ကပစ (၆) နှင့် ၁၀ မိုင်အကွာတွင် ရှိနေပြီး ကပစ (၆) က အင်အားဖြည့်တင်း ပေးနေသည့်အပြင် ရန်ကုန်မြို့က တပ်ရင်းအချို့ကလည်း အင်အားဖြည့်တင်း ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “ညောင်ကျိုးနဲ့ ကပစ ၆ က သိပ်မဝေးတော့ဘူးဆို‌တော့ တပ်တော်က ညောင်ကျိုးကို သိမ်းလို့ရပြီဆိုရင် ကပစ ၆ ကို ဆက်တိုက်ခိုက်နိုင်တယ်။ AA ရဲ့ ထိုးစစ်က ညောင်ကျိုးတင်ပဲ ရပ်လိုက်လို့ မရလို့ပေါ့။ ရပ်လိုက်ပြီဆိုရင် စစ်ကောင်စီက ကပစ ၆ ကနေ ပြည်၊ ရန်ကုန်ဘက်က အင်အားတွေနဲ့ တန်ပြန် ထိုးစစ် လာနိုင်တယ်။ ဒါ့ကြောင့် အဆုံးထိကို AA က တိုက်ခိုက်ရမယ်” ဟု စစ်ရေးသုံးသပ်သူတစ်ဦးက ပြောသည်။ ပဲခူးတိုင်းတွင် ကပစ ၆ အပါအဝင် ကပစ-၉ (ကျောက်ဖူး)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်)နှင့် ပြည်မြို့တဘက်ကမ်းက ကပစ-၃ (ဆင်တဲ)တို့ရှိကြောင်း သိရသည်။ ညောင်ကျိုးတပ်စခန်း မကျဆုံးရေးအတွက် စစ်ကောင်စီဖက်က ညောင်ခြေထောက်၊ ဥသျှစ်ပင်၊ ကပစ ၆ စသဖြင့်တို့က ခံစစ်ပြင်ဆင် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။ AA သည် ရခိုင်ပြည် အတွင်းက စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ် စခန်းများကို တိုက်ခိုက်နေသလို ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအနီးက တပ်စခန်း အချို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

https://www.facebook.com/westernnewsagency/posts/pfbid06yEDGg9a5gNPefYWZSvKSyrYyivcRhWZq7VJhYp1jYsJCYcg8hLvW9kSKJNuxq2sl

Leave a Reply

Your email address will not be published.