By Narinjara / 2025 March 21

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးသွားခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ မတ်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီဗိုလ်မှူး လင်းထက်ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းအင်အား (၁၅၀) ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာစဉ် မတ်လ ၁၅ ရက်တွင် အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုအတွင်း ကောင်စီဘက်မှ ၃၃ ဦးသေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုထားသည်။
ယင်းအပြင် လက်နက် ၅၄ လက်နှင့်အတူ အခြားလက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်ဒေသကာကွယ်ရေးတပ်(KPDF)၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ