ကျောက်ဖြူ ဓညဝတီရေတပ်စခန်းဧရိယာထဲ ကျေးရွာနှစ်ရွာ ပိတ်မိနေ

By Narinjara / 2025 February 27

ရခိုင်ပြည်၊ ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်း ဧရိယာထဲတွင် ကျေးရွာနှစ်ရွာသည် အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။

ရေတပ်စခန်းဧရိယာထဲ ပိတ်လှောင်ခံထားရသည့် ကျေးရွာနှစ်ရွာမှာ အိမ်ခြေ (၁၀၀) ကျော်ခန့်ရှိသည့် စစ်တောကျေးရွာနှင့် အိမ်ခြေ (၁၀၀) ခန့်ရှိသည့် သစ်ပုတ်တောင်ကျေးရွာတို့ဖြစ်ကြသည်။

ထိုကျေးရွာနှစ်ရွာမှ ဒေသခံများကို စစ်ကောင်စီရေတပ်က စစ်ရှောင်ခွင့်မပြုဘဲ ရေတပ်ထဲတွင် ပိတ်လှောင်ထားဆဲဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

“အဲဒီရွာတွေက လူတွေ ဓညဝတီရေတပ်စခန်းမှာပဲ ပိတ်လှောင်ခံထားရတယ်။ ဘာမှ လုပ်ကိုင်စားသောက်ခွင့်လည်း မပေးဘူး။ သူတို့မှာရှိတဲ့ စက်လှေတွေနဲ့ ငါးဖမ်းခွင့်လည်းမပေးဘူး။ စစ်ကောင်စီတပ်သား‌တွေကတော့ သင်္ဘောက တင်ပို့တဲ့ ရိက္ခာတွေရတယ်။ အဲဒီရိက္ခာတွေကို ဈေးနှုန်းမြင့်မားစွာပေးပြီးတော့ ရွာသားတွေက ဝယ်ယူပြီး‌တော့ စားသုံးနေရတယ်” ဟု ပြောသည်။

ဓညဝတီရေတပ်စခန်းကို ၂ဝ၁၇ ခုနှစ်အတွင်း ရေတပ်က ခြံစည်းရိုးကာရံရာတွင် ရေတပ်နှင့်နီးကပ်စွာရှိသည့် အဆိုပါကျေးရွာနှစ်ရွာလည်း ရေတပ်ဧရိယာထဲသို့ ကျရောက်ခဲ့ရခြင်းဖြစ်သည်ဟု သူက ပြောသည်။

အဆိုပါကျေးရွာများအနက် စစ်တောကျေးရွာသည် ဓညဝတီရေတပ်ဌာနချုပ်၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး သစ်ပုတ်တောင်ကျေးရွာသည် ရေတပ်၏ အရှေ့ဘက်တွင် တည်ရှိသည်။

ထိုကျေးရွာနှစ်ရွာပေါင်း လူဦးရေ ၈၀၀ ခန့်ရှိပြီး ဒေသခံများမှာ များသောအားဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးကြသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၁)ရက်မှစတင်ကာ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း ရေတပ်နှင့်နီးစပ်သည့်ကျေးရွာများကို AA ရှိသည်အထင်ဖြင့် လက်နက်ကြီးကျည်များနှင့်အတူ လေကြောင်းမှလည်း နေ့စဉ် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ဓညဝတီရေစခန်းတိုက်ခိုက်ခံနေရသည့်အတွက် စခန်းတွင်းမှ ထိုကျေးရွာနှစ်ရွာရှိ ဒေသခံများ၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟုလည်း ကျောက်ဖြူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

“အဲလို ထွက်ခွာခွင့်မပေးတော့ ရွာသားတွေရဲ့အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ လူသားဒိုင်းကာအဖြစ်နဲ့ အခုလို ပိတ်လှောင်ထားလို့ ယူဆမိတယ်”ဟု ပြောသည်။

ဓညဝတီရေတပ်စခန်းသည် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြီးဆုံးရေတပ်တစ်ခုလည်းဖြစ်သည်။

ဓညဝတီရေတပ်စခန်းအနီးတွင် စစ်တောနှင့် သစ်ပုတ်တောင်ကျေးရွာအပါအဝင် စိန်ခြုံ၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ပျားတဲ၊ ကြတ္တိန်၊ စည်မော်၊ ဦးကင်းနှင့် ကြံချိုင် စသည့်ကျေးရွာများရှိကြသည်ဟု သိရသည်။

ယင်းရွာများမှ ဒေသခံများကိုလည်း စစ်ဘေးတိမ်ရှောင်ရန် ထွက်ပြေးမည်ဆိုလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည့်အတွက် အဆိုပါဒေသခံပြည်သူများမှာ စစ်ပွဲကြားထဲတွင် လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရသည်။

ယင်းအပြင် ဓညဝတီရေတပ်ဌာနချုပ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အဆိုပါကျေးရွာများကို လက်နက်ကြီးများနှင့် လေကြောင်းတို့မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း ရှိနေသည်ဟု သိရသည်။

AA သည် ကျောက်ဖြူမြို့ရှိ ရဲတပ်ရင်း (၃၂)မှ အင်အား ၇ဝ ခန့်ပါ စစ်ကြောင်းတစ်ခုကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်ဖြူတွင် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားလာခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/1057828416384287

Leave a Reply

Your email address will not be published.