ကျောက်တံခါးမြို့နားက စစ်တပ်စခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သား ၁၂ ယောက်သေဆုံးပြီး ၁၅ ယောက်လောက် ဒဏ်ရာရ

By Narinjara / 2025 March 26

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း အထူးကွန်မန်ဒို တပ်ရင်း – P29914 က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၂၅ ရက်၊ ညဉ့် ၂ နာရီခွဲခန့်တွင် ကျောက်တံခါးမြို့အနီးရှိ စဉ့်အိုးလဟာကျေးရွာ၌ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတွေအဖြစ်နဲ့ G-3 (၁)လက်၊ လက်နက်ငယ်ကျည်များနဲ့ စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ပစ်ကူများ၊ လက်နက်ကြီးများနှင့် စစ်ကူများဖြင့် အပြင်းအထန် ခုခံခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို ဗျူဟာ(၂၅)၊ တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ(၂)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နဲ့ KNLA တပ်ရင်း(၉) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

https://www.facebook.com/narinjara.info/posts/pfbid02nqRh9kLR8KLGLsSZm1uDtDe9eC9EcAuP8vKTJYdGzK9qkjpA5MKmCY1JcpjAjeBGl

Leave a Reply

Your email address will not be published.