ရခိုင်မှာ စပါးဈေးကျဆင်းနေလို့ လယ်သမားတွေ အရှုံးပေါ်

By Narinjara / 2025 February 22

ရခိုင်ပြည်တွင် စပါးစျေးကျဆင်းနေသည့်အတွက် လယ်သမားများအရှုံးပေါ်နေ၍ လယ်သမားများ၏ ရေရှည်အကျိုးကို ကြည့်ပြီး အာရက္ခပြည်သူ့အစိုးအနေဖြင့် စပါးစျေးပြန်လည်မြင့်တက်လာရေးအတွက် အတိုင်းအတာတစ်ခုထိဆောင်ရွက်ပေးရန် လယ်သမားများက တောင်းဆိုနေကြသည်။

ယခုနှစ်တွင် ပေါ်ဆန်းမွှေး(ကောက်လတ်)နို့ဆီဗူး ၆၅ ဗူးဆံ့ တောင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းခွဲ ၊ ဧည့်မထနှင့် ငစိန်တောင်းတစ်ရာလျှင် ကျပ်ငါးသိန်းခန့်နှင့် အိန္ဒိယချေ တောင်းတစ်ရာလျှင် ကျပ်လေးသိန်းခန့်သာရှိနေသည်ဟု လယ်သမားများက ပြောသည်။

ယင်းသို့ စပါးစျေးကောင်းမရသည့်အပြင် စပါးဝယ်သူများလည်းမရှိသေး၍ လယ်သမားများတွင် အရှုံးပေါ်နေသည့်အတွက် အာရက္ခပြည်သူ့အစိုးအနေဖြင့် စပါးစျေးနှုန်းများပြန်လည်မြင့်တက်လာစေရန် ထိန်းကျောင်းပေးစေလိုသည်ဟု လယ်သမားများက နိရဥ္စရာကို ပြောသည်။

ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်လှရွှေက “အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဒီစပါးဈေးကို လယ်သမားတွေကို ထောက်ထားငဲ့ညှာသောအားဖြင့် အတတ်နိုင်ဆုံး ဒီစပါးဈေးနှုန်းလေးတစ်ခုကို မမြတ်သည့်တိုင်အောင်မှ ပြန်ပြီး အရင်းလောက်ပဲဖြစ်နိုင်အောင် ကြိုးစားပေးစေချင်ပါတယ်”ဟု ပြောသည်။

စပါးစျေး စျေးကောင်းမရ၍ ယခုနှစ်ထွက်ရှိသည့်စပါးများအပြင် ယခင်နှစ်က စပါးဟောင်းများပင် ရောင်းမထွက်သေးဟုလည်း သူက ဆက်ပြောသည်။

“ပြီးခဲ့တဲ့နှစ်ကစပါးတောင်မှ မရောင်းရသေးတဲ့ လယ်သမားတွေ အများကြီးရှိကြပါသေးတယ်။ဒီနှစ်စပါးက ပေါ်နေပြီ။ ပြီးခဲ့တဲ့နှစ်က စပါးကို မရောင်းရသေးဘူး”ဟု ပြောသည်။

ကျောက်တော်မြို့နယ်တွင်ပေါ်ဆန်းမွှေး(ကောက်လတ်)နှင့် အိန္ဒိယချေစသည့်စပါးအမျိုးအစားကို အများဆုံး စိုက်ပျိုးကြသည်ဟု ဆိုသည်။

ရသေ့တောင်မြို့နယ်မှ လယ်သမားတစ်ဦးကလည်း ယခုနှစ်တွင် ပေါ်ဆန်းမွှေး(ကောက်လတ်)တောင်းတစ်ရာလျှင် ကျပ် ခုနစ်သိန်းခန့်၊ ဧည့်မထနှင့် ငစိန်ဆိုလျှင် တောင်းတစ်ရာကို ကျပ် ငါးသိန်းခန့်သာရှိ၍ အရှုံးပေါ်နေသည်ဟု ပြောသည်။

“စပါးက ဒီနှစ်အထွက်လည်း နည်းတယ်။ ဓာတ်မြေသြဇာတွေလည်း စျေးကြီးတော့ လုံလုံလောက်လောက် မသုံးနိုင်ခဲ့ကြဘူး။ ဒါကြောင့် လယ်လုပ်သူ ၄၀ ရာနှုန်းလောက်ကျဆင်းသွားတယ်။ ဒီကြားထဲစပါးစျေးကမရတော့ ဝင်ငွေနဲ့ ပြန်ရတဲ့ငွေက လုံးဝကို မကာမိဘူး”ဟု ပြောသည်။

ရသေ့တောင်မြို့နယ်တွင်ပေါ်ဆန်းမွှေး(ကောက်လတ်)၊ ဧည့်မထ၊ ငစိန်နှင့် မီးဒုံး(စပါးကြီး)များကို အဓိကစိုက်ပျိုးကြသည်ဟု ဆိုသည်။

ရခိုင်တွင်မြို့သိမ်းတိုက်ပွဲမဖြစ်မီက လယ်ဝါးတစ်ရာ(ဝ.၈ ဧက)ကို ထွန်ယက်ခ ကျပ် ခုနစ်သောင်းခန့်သာရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် စက်သုံးဆီဈေးတက်၍ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းအထိမြင့်တက်ခဲ့ရသည်။

အလားတူ ဓာတ်မြေသြဇာတစ်အိတ်လျှင်လည်း ယခင်က ကျပ် တစ်သိန်းဝန်းကျင်ခန့်သာရှိခဲ့ရာမှပြီးခဲ့သည့်နှစ်တွင် ကျပ်သုံးသိန်းခွဲဖြင့်ကြဲပက်ခဲ့ရသည်ဟု ဆိုကြသည်။

ယင်းအပြင် ရိတ်သိမ်းခသည်လည်းစက်သုံးဆီဈေးတက်၍ ယခင်ထက် စျေးနှုန်းမြင့်တက်လျက်ရှိရာ လယ်သမားများတွင် သွင်းအားစုစရိတ်များ အလွန်ကြီးမားလျက်ရှိနေသည်ဟု ပြောကြသည်။

ရခိုင်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်သိန်းမြကလည်း “ကျနော့်မှာတော့ လယ် နှစ်ဧကကျော်လုပ်လိုက်တာပါ။ ကျနော့်မှာအခုလက်ရှိထွန်နေရတဲ့ ထွန်ယက်ခရယ်၊ မြေဆီစရိတ်တွေ၊ နောက်ပြီးရိတ်သိမ်းစရိတ်တွေနဲ့ကိုက်ပြီး အခု စပါးဈေးနှုန်းနဲ့ စပါးတွေကိုရောင်းလိုက်ရင်တောင် သိန်းတစ်ဆယ်လောက် အရှုံးပြနေတယ်”ဟု ပေါသည်။

လယ်သမားများတွင် ပြီးခဲ့သည့်နှစ်ကလယ်တစ်ဧကလျှင် သွင်းအားစုများအတွက် ကျပ်ငွေ ၁၀ သိန်းခန့် ကုန်ကျစရိတ်ရှိနေခဲ့ကြောင်း လယ်သမားများက ပြောသည်။

ရခိုင်မှ လယ် ဆယ်ဧကလုပ်ကိုင်ခဲ့သည့်မွတ်ဆလင်လယ်သမားတစ်ဦးဖြစ်သူ ဦးကျော်စိန်ကလည်း “စပါးစျေးမရလို့အခက်အခဲဖြစ်တယ်လေ။ စရိတ်က အများကြီးကုန်တယ်။ ထွန်ခနဲ့ ဓာတ်မြေသြဇာခစျေးကျသွားရင် အခုစပါးစျေးနဲ့ ရောင်းနိုင်တယ်”ဟု နိရဥ္စရာကို ပြောသည်။

ယင်းသို့ သွင်းအားစုစရိတ်များကြီးမားခဲ့သော်လည်း စပါးစျေးကောင်းမရ၍ လယ်သမားအများစု စားဝတ်နေရေး အခက်အခဲ အကြီးအကျယ်ဖြစ်နေရခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်လှရွှေက “ဒီအတိုင်းသာစပါးဈေးကို ခြောက်သိန်းကျော်၊ ခုနစ်သိန်းလောက်နဲ့ ဆက်ပြီးရှိနေမယ်ဆိုရင် လာမဲ့နှစ်မှာ ကျနော်တို့ လယ်သမားတွေအနေနဲ့ ထပ်ပြီးတော့ လယ်လုပ်နိုင်မဲ့ဟာမလွယ်ကူတဲ့အခြေအနေကိုရောက်သွားပါပြီ”ဟု ပြောသည်။

ယင်းကြောင့် လာမည့်နှစ်တွင် လယ်သမားများ လယ်ယာပုံမှန်လုပ်ကိုင်နိုင်စေရန် စပါးဈေးအနည်းငယ်မြှင့်​တင်ပေးပြီး ထွန်ယက်ခကိုလည်း ဝါးတစ်ရာ(ဝ.၈ ဧက)လျှင်ကျပ် တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲခန့်ဖြင့် ထွန်နိုင်အောင် ဆောင်ရွက်ပေးစေလိုသည်ဟု ဆိုသည်။

နောက်ပြီး ဓာတ်မြေသြဇာတစ်အိတ်ကိုကျပ်တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲခန့်ဖြင့် ကြဲနိုင်အောင်လုပ်ပေးနိုင်မည်ဆိုလျှင် လယ်သမားများအတွက် အနည်းငယ်အသက်ရှူရှောင်နိုင်မည်ဟုလည်း ဦးမောင်လှရွှေက ပြောသည်။

ရခိုင်ပြည်တွင် စပါးစိုက်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိခဲ့သော်လည်း ပြီးခဲ့သည့် စပါးစိုက်ရာသီအတွင်း သွင်းအားစုစရိတ်များမြင့်တက်မှုကြောင့် လယ်ဧက ရှစ်သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/1053930270107435

Leave a Reply

Your email address will not be published.