ရခိုင်တွင် ဆိုင်ကယ်ဦးထုပ် ဈေးမြင့်တင်ရောင်းချနေမှုများကို ကြပ်မတ်ပေးရန် လိုအပ်နေ

By DMG  / 2025 February 20

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ဆိုင်ကယ်ဦးထုပ်များကို အဆမတန် ဈေးမြင့်တင်ရောင်းနေမှုများရှိနေ၍ အာဏာပိုင်များအနေဖြင့် ကြပ်မတ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
အာရက္ခတပ်တော်က ယာဥ်အန္တရာယ်ကင်းစင်ရေးအတွက် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် ယာဥ်စည်းကမ်းလိုက်နာရန်များကို တင်းကြပ်လိုက်ပြီးနောက် ယခု ဖေဖော်ဝါရီလအစောပိုင်းမှစကာ အရောင်းဆိုင်များတွင် ဆိုင်ကယ်ဦးထုပ်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။
“ဆိုင်ကယ်ဦးထုပ်အရောင်းဆိုင်တွေမှာ ဝယ်တဲ့သူများလို့ ပစ္စည်းတောင် ပြတ်တယ်။ ဆိုင်ကယ်ဦးထုပ် ဆောင်းရမယ်ဆိုတာနဲ့ ဈေးတင်ရောင်းနေကြတာ။ တချို့ဆို ဈေးကြီးလို့ မဝယ်နိုင်တော့ အရင်ကရှိတဲ့ အဟောင်းတွေရှာကြံပြီး ဆောင်းကြတယ်” ဟု ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်က ငွေကျပ် ၂၀,၀၀၀ ရှိသည့် တရုတ်ထုတ် ဆိုင်ကယ်ဦးထုပ်တစ်လုံးကို ယခုအခါ ငွေကျပ် ၉၀,၀၀၀ ၊ ယခင်က ငွေကျပ် ၁၀,၀၀၀ အောက်သာရှိသည့် ဆောက်လုပ်ရေးသုံး ဦးထုတ်တစ်လုံးကို ယခုအခါ ငွေကျပ် ၅၀,၀၀၀ နှင့် အထက်ထိ ဈေးမြင့်နေသည်။
ယာဥ်အန္တရာယ်ကင်းစင်ရန် ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်ကို လူနှစ်ဦးထက် ပို၍ မစီးရစသည့် စည်းကမ်းချက်များကို အာရက္ခတပ်တော်က ထုတ်ပြန်ပြီးနောက် ဆိုင်ကယ်ဦးထုပ် ဝယ်ယူသူများပြားကာ ဈေးနှုန်းမြင့်တက်သွားခြင်းသည်။
ထိုသို့ ဈေးနှုန်းမြင့်မားနေခြင်းသည် အခြေခံလက်လုပ်လက်စားများ၊ စစ်ဘေးရှောင်များနှင့် အလွှာအသီးသီးမှ ဒေသခံများကို ရိုက်ခတ်မှုများရှိနေ၍ အာဏာပိုင်များအနေဖြင့် အထူးကြပ်မတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်းဖြစ်သည်။
“ဆိုင်ကယ်ဦးထုပ် ဈေးတက်တာက ဝယ်လိုအားများလို့ ဈေးတက်တာမဟုတ်ဘဲ အမြတ်ကြီးစား ပုံစံဖြစ်သွားရင် အစိုးရတစ်ရပ်အနေနဲ့ ဝင်ထိန်းရမှာပေါ့။ တတ်နိုင်နိုင်၊ မတက်နိုင်နိုင် အကုန်ဝယ်ရမယ်၊ (ဆိုင်ကယ်ဦးထုပ်) မဆောင်းတဲ့သူ ဒဏ်ဆိုရင် ကုန်သည်တွေနဲ့ ပေါင်းကြံထားတာလို့ ပြည်သူတွေ ထင်လာတော့မယ်” ဟု ရခိုင်က အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်က ယာဥ်အန္တရာယ်ကင်းစင်ရေးနှင့် ယာဥ်စည်းကမ်းလိုက်နာရန်များကို ဆိုင်းဘုတ်များစိုက်ထူခြင်း၊ စည်းကမ်းမလိုက်နာသူများကို အပြစ်ပေး၊ ဒဏ်ငွေဆောင်ခိုင်းခြင်းများ လုပ်ဆောင်နေသည်။

https://www.facebook.com/dmgnewsagency/posts/1031839452322984

Leave a Reply

Your email address will not be published.