ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်များအား အထူးသတိထားရန် အာရက္ခပြည်သူ့အစိုးရ သတိပေးနှိုးဆော်

By Narinjara / 2025 February 22

ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်များကို ပြည်သူများအထူးသတိထားနေထိုင်ကြရန် အာရက္ခပြည်သူ့အစိုးရက ယနေ့ဖေဖော်ဝါရီလ ၂၂ ရက်တွင် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

စစ်ရှုံးစစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်လာသည့်နောက်ပိုင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထိန်းချုပ်မြို့နယ်အချို့တွင် လော်စပီကာများဖြင့် လှည့်လည် သတိပေးနှိုးဆော်လာခြင်းဖြစ်သည်။

လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်များနှင့်ပတ်သက်၍ ထူးခြားမှုကြုံလာရပါက အပြေးအလွှား ရုန်းရင်းဆန်ခတ်မလုပ်ဘဲ မိမိရောက်ရှိနေသည့်နေရာတွင် ချက်ချင်းဝပ်၍နေရန် ကနဦးသတိပေးနှိုးဆော်သည်။

ပြည်သူများအနေဖြင့် မိမိတို့၏နေအိမ်တွင်လည်း သတိရှိရှိနေထိုင်ပြီး မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေးများထဲ တာရှည်နေထိုင်ခြင်းများရှောင်ရှားရန်နှင့် ဈေးဆိုင်ခန်းများကို ယာယီပိတ်သိမ်းထားရန် သတိပေးနှိုးဆော်သည်။

အလားတူ ပွဲလမ်းသဘင်အခမ်းအနားများ မပြုလုပ်ကြရန်၊ လုံခြုံမှုအားကောင်းသောနေရာ(ဥပမာ-ဗုံးခိုကျင်း) များအနီးအနား၌ နေထိုင်ကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်နယ်မြို့တော်စစ်တွေအနီး အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဘက်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်လာနေသည်။

ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း စစ်တွေမြို့တစ်ဘက်ကမ်းရှိ ပေါက်တောမြို့နယ်မှ ကျွန်းသုံးကျွန်းရှိ ကျေးရွာ ၈ ရွာကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ကြဲချခဲ့သည့်အတွက် ကလေးနှစ်ဦးအပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ၂ဝ ဦးခန့် ဒဏ်ရာရသွားကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ကျနော်တို့ ဒေသခံပြည်သူတွေ၊ အပြစ်မရှိတဲ့ပြည်သူတွေ နေထိုင်တဲ့နေရာတွေမှာ တိုက်ပွဲတွေလည်း မဖြစ်ဘဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံနေရတယ်။ ဒီဟာသည် လူ့အခွင့်အရေးကို ကြီးမားစွာချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့ ခံစားရတယ်။ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို လျှော့ချဖို့လိုတယ်ပေါ့နော်”ဟု နိရဉ္စရာကို ပြောသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်ဖြစ်သော ဓညဝတီရေတပ်ဌာနချုပ်ကိုလည်း ယမန်နေ့ ညဉ့်အချိန်မှစတင်ကာ ယနေ့ နံနက်ပိုင်းအထိ AA က စတင်တိုက်ခိုက်နေပြီဟု သိရသည်။

ဓညဝတီရေတပ်ဌာနချုပ်အနီးအနားကျေးရွာများကိုလည်း အဆိုပါရေတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများက နိရဉ္စရာကို ပြောဆိုထားသည်။

ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း ကျောက်ဖြူမြို့၊ အမှတ် (၃၂)ရဲတပ်ရင်းမှ အင်အား ၇ဝ ခန့်ပါ စစ်ကြောင်းတစ်ခုကို AA ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနားရှိ မြို့ရွာများနှင့် လွတ်မြောက်နယ်မြေများရှိ မြို့ရွာများအား စစ်ကောင်စီက အငြိုးဖြင့် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် လှမ်းပစ်မည်ကို အထူးသတိထားကြရန် အာရက္ခပြည်သူ့အစိုးရက နှိုးဆော်နေခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/1053996650100797

Leave a Reply

Your email address will not be published.